ရှေ့သို့
Image

နာမည်ကြီးဖက်ဒါးရားကို အနိုင်ယူပြီး ၀င်ဘယ်ဒန်ချန်ပီယံရှစ်ချန်ပီယံအဖြစ် ဂျိုကိုဗစ်ထပ်ဆင့် အောင်ပွဲခံ

3:44 PM, 15 July

လက်ရှိကမ္ဘာ့အဆင့် (၁) တင်းနစ်သမား နိုဗက်ဂျိုကိုဗစ်ဟာ ယမန်နေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ ၀င်ဘယ်ဒန်ချန်ပီယံရှစ် အမျိုးသားတစ်ဦးချင်းဗိုလ်လုပွဲမှာ Championship Points ၂ကြိမ်အထိ ဆယ်ယူကာ ရော်ဂျာဖက်ဒါးရားကို ၃ပွဲ၊ ၂ပွဲနဲ့အနိုင်ယူပြီး လက်ရှိချန်ပီယံသရဖူကို အောင်မြင်စွာ ကာကွယ်နိုင်ခဲ့ပါတယ်။

ဆားဘီးယားနိုင်ငံသား ဂျိုကိုဗစ်ဟာ ဆွစ်ဇာလန်နိုင်ငံသား ဖက်ဒါးရားကို ၇-၆(၇-၅)၊ ၁-၆၊ ၇-၆(၇-၄)၊ ၄-၆၊ ၁၃-၁၂ (၇-၃)နဲ့အနိုင်ရရှိခဲ့တာဖြစ်ပြီး ပွဲကစားချိန် ၄ နာရီနဲ့ ၅၇ မိနစ်အကြာ ဖက်ဒါးရားရဲ့လက်မှန်ရိုက်ချက် မိုးပေါ်ထောင်သွားပြီးနောက် ဂျိုကိုဗစ်လည်း ခက်ခဲလွန်းတဲ့အောင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။

ဒီအောင်ပွဲဟာ ဂျိုကိုဗစ်အတွက် ၁၆ကြိမ်မြောက်ဂရင်းစလင်းအောင်ပွဲဖြစ်လာခဲ့ပြီး အထူးသဖြင့် ဂရင်းစလင်းပြိုင်ပွဲနောက်ဆုံး ၅ကြိမ်မှာ ၄ကြိမ်မြောက်ရရှိထားတာလည်းဖြစ်ပါတယ်။

ဗိုလ်လုပွဲမတိုင်ခင်ကတည်းက ဒီပွဲဟာ ခန့်မှန်းထားတာထက်ပိုကြာလိမ့်မယ်လို့ သုံးသပ်ခဲ့ကြပြီး တကယ်လည်း ၅နာရီနီးပါးကြာမြင့်ခဲ့ကာ အဲဒီချိန်အတွင်း ပရိသတ်တွေရဲ့အော်ဟစ်အားပေးသံတွေက သောသောညံနေခဲ့ပါတယ်။

ဂရင်းစလင်းချန်ပီယံဆု စံချိန်တင်အကြိမ် ၂၀ ရရှိထားတဲ့ဖက်ဒါးရားဟာ ဒီပြိုင်ပွဲမှာ ၉ကြိမ်မြောက်ချန်ပီယံဖြစ်ဖို့ အခွင့်အရေးတွေရရှိခဲ့ပြီး အဆုံးအဖြတ်ပဉ္စမြောက်ပွဲငယ်ရဲ့ ၈-၇ ဖြစ်နေချိန်မှာ ချန်ပီယံရှစ်အမှတ်တွေ ရရှိခဲ့ပေမယ့် ဂျိုကိုဗစ်က မရမကလိုက်လံဆယ်ယူကာ ၁၂-၁၂ဖြစ်နေချိန်မှာတော့ နောက်ထပ်တိုင်းမ်ဘရိတ်ဆက်ကစားခဲ့ရပါတယ်။

ဖက်ဒါးရားအနေနဲ့ အိုးပင်းခေတ်မှာ အသက်ကြီးဆုံး ဂရင်းစလင်းချန်ပီယံအဖြစ် စံချိန်တင်နိုင်မယ့်အခွင့်အရေးလက်လွှတ်ခဲ့ရပြီး ၂၀၀၈ ဗိုလ်လုပွဲတုန်းကလည်း နာဒဲလ်ကို ၃ ပွဲ၊ ၂ ပွဲနဲ့ အရေးနိမ့်ခဲ့ရာမှာ ၄ နာရီ၊ ၄၈ မိနစ်နဲ့ ၀င်ဘယ်ဒန်ချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲသမိုင်းတစ်လျှောက် အချိန်အကြာဆုံးစံချိန်တင်ခဲ့ဖူးကာ အခုလည်း နောက်ထပ်စံချိန်သစ်မှာ ရှုံးနိမ့်သူအဖြစ်နဲ့ပဲ မှတ်တမ်းဝင်သွားခဲ့ရပါတယ်။

အဆုံးအဖြတ် ပဉ္စမမြောက်ပွဲငယ်တစ်ပွဲတည်းနဲ့ပဲ ပွဲ ကစားချိန်က ၂နာရီကျော်ကြာမြင့်ခဲ့ပြီး ဒါဟာ စနေနေ့က ကျင်းပခဲ့တဲ့ အမျိုးသမီးတစ်ဦးချင်းဗိုလ်လုပွဲရဲ့ ၂ပွဲစာနဲ့ညီမျှနေပါတယ်။

#ဖီဖာ #ဆာဘီးယား #ဂျိုကိုဗစ်