ရှေ့သို့
Image

၀က်ဖို့ဒ်နဲ့ ပြောင်းရွှေ့ကြေး ညှိမရတာကြောင့် ဘက်ချ်မန်းကို လက်လျှော့လိုက်တဲ့ ယူနိုက်တက်

3:44 PM, 28 June

မန်ချက်စတာယူနိုက်တက်ဟာ ဂိုးသမားဒန်နီရယ်ဘက်ဂျ်မန်းအတွက် ဝက်ဖို့ဒ်နဲ့ ပြောင်းရွှေ့ကြေး ညှိနှိုင်းမှု အဆင်မပြေတာကြောင့် အခြားပစ်မှတ်တွေကို ပြောင်းလဲရှာဖွေရတော့မှာပဲ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဒင်းဟန်ဒါဆန်ကို နော့တင်ဟမ်ဖောရက်စ်မှာ အငှားချဖို့ ပြင်ဆင်ထားတာကြောင့် အရန်ဂိုးသမားသစ်တစ်ဦး ရှာဖွေခဲ့တာဖြစ်ပြီး ဝက်ဖို့ဒ်ဂိုးသမားကို ခေါ်ဖို့စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ 


ဒါပေမယ့် ဒေးလီးမေးလ်သတင်းစာရဲ့ ဖော်ပြချက်အရ စာချုပ်သက်တမ်း ၂ နှစ်ကျန်သေးတဲ့ ၂၇ နှစ်အရွယ်ဂိုးသမားအတွက် နှစ်သင်းကြား ပြောင်းရွှေ့ကြေး သဘောတူညီမှု မရရှိခဲ့တာကြောင့် အပြောင်းအရွှေ့ကိစ္စ အဆုံးသတ်သွားခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့် ဘက်ချ်မန်းအနေနဲ့ ဝက်ဖို့ဒ်မှာပဲ ဆက်နေရဖို့များသွားခဲ့ပါတယ်။ 


နည်းပြရော့ဘ်အက်ဒ်ဝါ့ရဲ့ လူစားရင်းမှာ ဝါရင့်ဂိုးသမားကြီး ဘန်ဖော်စတာက စာချုပ်သက်တမ်း ကုန်သွားပြီဖြစ်တာကြောင့် အသင်းကနေ ထွက်ခွာဖို့ပြင်ဆင်နေတာကြောင့် ဂိုးသမားအင်အားလည်း နည်းလျက်ရှိပါတယ်။ ဘက်ချ်မန်းဟာ ဝက်ဖို့ဒ်နဲ့အတူ ချန်ပီယံရှစ်မှာ ကစားခဲ့တဲ့သူဖြစ်ပြီး ၂၀၂၀-၂၁ ရာသီက ပရီးမီးယားလိဂ်ကို တန်းပြန်တက်နိုင်မှုမှာ ၂၃ ပွဲကစားပြီး လက်စွမ်းပြသခဲ့သူ ဖြစ်ပါတယ်။ 


ဒါပေမယ့် ပြီးခဲ့တဲ့ရာသီတုန်းကတော့ စိတ်ပျက်စရာတွေချည့် ကြုံတွေ့ခဲ့ရပြီး ပွဲထွက်ဂိုးသမားနေရာကို ဖော်စတာကိုပေးခဲ့ရပြီး တစ်ရာသီလုံးမှာမှ ၁၂ ပွဲသာ ကစားခွင့်ရရှိခဲ့ပါတယ်။ လက်ရှိဂိုးသမားအင်အားအရ ဝက်ဖို့ဒ်ကလည်း ဘက်ချ်မန်းကို အသင်းမှာပဲ ဆက်ထိန်းထားလိုပြီး ဒီရာသီမှာ အသင်းရဲ့အရေးပါတဲ့ ကစားသမား တစ်ယောက်အဖြစ် သတ်မှတ်ထားပါတယ်။ 


ဘက်ချ်မန်းကိုယ်တိုင်က ဒေးဗစ်ဒီဂီယာရဲ့ အရန်ဖြစ်ရင်တောင်မှ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားပေမယ့် နှစ်သင်းကြားပြောင်းရွှေ့ကြေး ညှိမရတာကြောင့် ယူနိုက်တက်ကို ပြောင်းရွှေ့နိုင်မယ့် အခွင့်အရေး ဆုံးရှုံးခဲ့ပြီဖြစ်ပါတယ်။ အဲ့ဒါကြောင့် ယူနိုက်တက်အနေနဲ့ အခြားပစ်မှတ်ကို ပြောင်းလဲလိုက်ရပြီး အိုးလ်ထရက်ဖို့ဒ် အခြားမျက်နှာသစ် ဂိုးသမားတစ်ယောက်ကို မြင်တွေ့ရနိုင်ပါတယ်။ 

#မန်ချက်စတာယူနိုက်တက် #ဝက်ဖို့ဒ် #အပြောင်းအရွှေ့ #ဘက်ချ်မန်း