ရှေ့သို့
Image

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စောင့်ကြည့်ရမယ့် နာမည်ကျော် ကစားသမား ၁၀ ဦး

2:08 PM, 14 November

၄နှစ်ကြာ မျှော်လင့်စောင့်စားခဲ့ရတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကတော့ လာမယ့် တနင်္ဂနွေနေ့မှာ ပရိသတ်ရှေ့ကို ပြန်လည်ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ကလပ်ပွဲစဉ်တွေပြီးသွားချိန်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အငွေ့အသက်တွေကို စတင်ထိတွေ့ခွင့်ရလာပြီဖြစ်ပြီး ရင်ခုန်သံတွေကလည် တဖြည်းဖြည်း ကျယ်လောက်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ပြိုင်ပွဲအတွင်း စောင့်ကြည့်သွားရမယ့် ကစားသမား ၁၀ ဦး အကြောင်းကို ကျွန်တော်တို့ ဘောလုံးစတားကနေ သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။

၁၀.ဗင်နီစီးယက်စ်(ဘရာဇီး)
၂၂နှစ်အရွယ်သာရှိသေးတဲ့ ဗင်နီစီးယက်စ်ဟာ ကမ္ဘာပေါ်မှာ အတောက်ပဆုံး လူငယ်ကြယ်ပွင့်တစ်ဦးအဖြစ် ဖူးပွင့်လာခဲ့ပြီဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်တိုက်စစ်ကစားသမားဟာ ယမန်နှစ်ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အသင်းအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့သလို ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့ ဘရာဇီးအသင်းအတွက် ကိုယ်စားပြုခွင့်ရရှိခဲ့ပါတယ်။ ဘရာဇီးနည်းပြ တီတီဟာ ၂၆ဦး လူစာရင်းထဲ တိုက်စစ်ကစားသမား ၈ဦးအထိ ရွေးချယ်ထားပေမယ့် ဗင်နီစီးယက်စ်ကတော့ ပွဲထွက်ခွင့်ရမယ်ဆိုတာ သေချာသလောက် ရှိနေပါတယ်။ ဘရာဇီးသားဟာ ယခုနှစ်ရာသီ လာလီဂါမှာ ၆ဂိုးသွင်း ၃ဂိုး ဖန်တီးထားသလို ချန်ပီယံလိဂ်မှာလည်း ၄ဂိုး သွင်းထားလို့ ကမ္ဘာ့ဖလားစင်မြင့်ပေါ်မှာရော တောက်ပနိုင်မလား စောင့်ကြည့်ရမှာပါ။

၉.ဟယ်ရီကိန်း(အင်္ဂလန်)
အင်္ဂလန်အသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ်အထိ တက်ခဲ့ပေမယ့် ခရိုအေးရှားကို အချိန်ပိုမှာ ရှုံးပြီး ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့ပါတယ်။ အဓိကတိုက်စစ်မှူး ဟယ်ရီကိန်းကတော့ ပြိုင်ပွဲအတွင်း ၆ဂိုး သွင်းယူကာ ရွှေဖိနပ်ဆုကို ပိုင်ဆိုင်ခဲ့ပါတယ်။ ၄နှစ်အကြာမှာ တော့တင်ဟမ်တိုက်စစ်မှူးတစ်ယောက် နည်းပြ ဆောက်ဂိတ်ရဲ့လူစာရင်းမှာ ထပ်မံပါဝင်လာခဲ့ပါတယ်။ ကိန်းဟာ ပရီးမီးယားလိဂ်မှာ ၁၄ပွဲ ကစားထားကာ ၁၁ ဂိုး သွင်းယူထားခဲ့ပြီး ခြေစွမ်းပြလျက် ရှိနေပါတယ်။ အင်္ဂလန်အသင်းဟာ ခံစစ်ကောင်းပေမယ့် တိုက်စစ်ပိုင်းမှာ ရုန်းကန်ရလေ့ရှိပြီး ဟယ်ရီကိန်းကသာ ကယ်တင်ခဲ့ရတာများခဲ့ပါတယ်။ ယခုနှစ်မှာ ဆုဖလားမှန်းနေတဲ့ အင်္ဂလန်တို့ ကိန်းရဲ့ သွင်းဂိုးတွေကို မျှော်လင့်နေမယ်ဆိုတာ သေချာနေပါတယ်။

၈.အယ်ဖွန်ဆိုဒေးဗီးစ်(ကနေဒါ)
အယ်ဖွန်ဆိုဒေးဗီးစ်က ဒီလိုနေရာမျိုးမှာ ဆွေးနွေးရလောက်အောင် နာမည်ကြီး ကစားသမားတစ်ယောက် မဟုတ်ပေမယ့် ကနေဒါသားဟာ ယခုနှစ်တွေအတွင်း ဘိုင်ယန်မြူးနစ်ရဲ့ အဓိက ဘယ်နောက်ခံလူအဖြစ် ပါဝင်နေခဲ့ပါတယ်။ ဒေးဗီးစ်ဟာ ကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံလူ၁ဦးဖြစ်ပြီး သူ့ရဲ့ လျင်မြန်လှတဲ့ ပြေးအားတွေကြောင့် ပြိုင်ဘက်တွေအတွက် အိပ်မက်ဆိုးဖြစ်စေခဲ့ပါတယ်။ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွင်းမှာဆိုရင် ဒေးဗီးစ်တစ်ယောက် ကနေဒါအတွက် ရှေ့တက်ပြီး ကစားပေးခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ကနေဒါအသင်းဟာ ဘယ်လ်ဂျီယံ၊ ခရိုအေးရှာ၊ မော်ရိုကိုတို့နဲ့ အုပ်စုကျပ်ထဲ ကျရောက်နေခဲ့ပြီး ဘယ်အသင်းကမှ သူတို့ကို အခွင့်အရေးပေးမှာ မဟုတ်ပါဘူး။ ကနေဒါတို့ ကာတာမှာ ရလဒ်ကောင်းရှာဖွေချင်တယ်ဆိုရင်တော့ ဒေးဗီးစ်က အဓိကနေရာကနေ ပါဝင်နိုင်ဖို့ လိုအပ်ပါတယ်။ ၂၂နှစ်သားဟာ မကြာသေးခင်က ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တယ်ဆိုပေမယ့် ကာတာမှာ မပါဝင်နိုင်လောက်ဖို့အထိတော့ ပြင်းထန်ခဲ့ခြင်း မရှိပါဘူူး။ ကနေဒါအတွက်တော့ ဘုရားမတာပါပဲ။

၇.ဒီဘရိုင်း(ဘယ်လ်ဂျီယံ)
ဒီဘရိုင်း ဘယ်လောက်ထိကောင်းတယ်ဆိုတာကိုတော့ ပရိသတ်တွေသိအောင် အကျယ်တဝံ့ရှင်းပြနေစရာမလိုဘူးလို့ ထင်ပါတယ်။ ရွှေရောင်မျိုးဆက်တစ်ခုကို ရောက်ရှိလာပြီး အောင်မြင်မှုတွေ သိပ်မရသေးပေမယ့် ဘယ်လ်ဂျီယံအသင်းဟာ ကမ္ဘာ့ဖလားမှာတော့ အဆင့်တစ်ခုရောက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒီဘရိုင်းဟာ အသင်းရဲ့ ကွင်းလယ်မှာ ဖန်တီးမှုအများအပြား ပြုလုပ်ကာ ကူညီပေးခဲ့ပါတယ်။ လူကာကူတစ်ယောက် ဒဏ်ရာရရှိနေတဲ့ အခြေအနေမှာ အုပ်စုပွဲစဉ်အတွင်း ဘက်ရူယာယီက ဒီဘရိုင်းရဲ့ တွဲဖက်ဖြစ်လာနိုင်ပါတယ်။ ဒီဘရိုင်းဟာ ပွဲအဖြကို ပြောင်းလဲနိုင်တဲ့ ကစားသမား ဟုတ်မဟုတ်ဆိုတာကိုတော့ မန်စီးတီးတိုက်စစ်မှူး ဟာလန်းကိုသာ မေးလိုက်ပါ။


၆.နေမာ(ဘရာဇီး)
ဘရာဇီးအကြောင်းပြောမယ်ဆိုရင် နေမာအကြောင်းက မပါမဖြစ်ပါပဲ။ ပီအက်စ်ဂျီစတားဟာ ဘောလုံးကိုင်ပြီးကစားရာမှာ မှော်ဆရာတစ်ဦးဖြစ်ပြီး ယခုနှစ်ရာသီ ၁၁ ဂိုး သွင်းကာ ၉ဂိုး ဖန်တီးထားခဲ့ပါတယ်။ တစ်ခါတစ်ရံ နေမာက နိုင်ငံအသင်းအတွက် စိတ်ပျက်စရာတွေ ဖြစ်စေခဲ့ပေမယ့် ဘရာဇီးက နေမာကိုပဲ အားကိုးရတယ်ဆိုတာ ငြင်းပယ်လို့မရတဲ့အချက်ပဲ ဖြစ်ပါတယ်။ နေမာဟာ မက်ပီနဲ့ မက်ဆီတို့မရှိချိန်မှာတောင် အဓိက ကစားသမား ဖြစ်နေမယ်ဆိုတာ မလွဲဧကန်ပါပဲ။

၅.ခရစ္စတီယာနိုရော်နယ်ဒို(ပေါ်တူဂီ)
ကမ္ဘာ့ဖလားအကြောင်းပြောရမယ်ဆိုရင် ခရစ္စတီယာနို ရော်နယ်ဒိုအကြောင်းကလည်း မပါမဖြစ်ပါပဲ။ သူ ယခုအချိန် ယူနိုက်တက်မှာ အဆင်မပြေဘဲ ရုန်းကန်နေရပေမယ့် ကျွန်တော်တို့ပြောနေတာက နိုင်ငံအတွက် စူပါစတားဂန္တဝင်တစ်ဦးအကြောင်းပါ။ ရော်နယ်ဒိုဟာ ၂၀၀၃ခုနှစ်မှ ပေါ်တူဂီ အတွက် စတင်ပွဲထွက်ခဲ့ပြီးနောက် ၁၁၇ဂိုးသွင်းယူကာ သမိုင်းတစ်လျောက် နိုင်ငံတကာသွင်းဂိုး အများဆုံး ကစားသမားဖြစ်လာကာ ယူရို၂၀၁၆ ဆုဖလားရအောင် အသင်းကို ဦးဆောင်ပေးခဲ့ပါတယ်။ ယူနိုက်တက်မှာ ဘယ်လိုနေရာမရဘူးပဲပြောပြော ရော်နယ်ဒိုက ပေါ်တူဂီရဲ့ သူရဲကောင်းဖြစ်ပြီး ယခုနှစ်ကမ္ဘာ့ဖလားမှာ သွင်းဂိုးတွေနဲ့ အသင်းကို ကူညီပေးသွားမလား စောင့်ကြည့်ရပါမယ်။

၄.လီဝန်ဒေါစကီး(ပိုလန်)
ကမ္ဘာ့ဖလားမှာ ပိုလန်အသင်း အများကြီးလုပ်ပြနိုင်မယ်လု့ိ ဘယ်သူမှမမျှော်လင့်ထားပါဘူး။ ပိုလန်အသင်းဟာ ရှုံးထွက်အဆင့်ကို ရောက်နိုင်ပေမယ့် အများကြီးကြိုးစားရမှာဖြစ်ပြီး သူတို့မှာ အားကိုးစရာ လီဝန်ဒေါစကီးဆိုတဲ့ ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူး၁ဦး ရှိနေပါတယ်။ ဘိုင်ယန်မြုးနစ်ကနေ ထွက်ခွာလာကာ ဘာစီလိုနာကို ပြောင်းလာတဲ့ လီဝန်ဒေါစကီးတစ်ယောက် လာလီဂါ ၁၄ပွဲကစားပြီး ၁၃ ဂိုး အထိ သွင်းထားပါတယ်။ ၂၀၂၂ကမ္ဘာ့ဖလားခြေစစ်ပွဲအတွင်း ပိုလန်အတွက် ၉ဂိုး သွင်းကာ ၉ ဂိုး ဖန်တီးပေးထားခဲ့ပါတယ်။ လီဝန်ဒေါစကီးအနေနဲ့ အုပ်စုတွင်း သွင်းဂိုးတွေသွင်းယူကာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ပိုလန်တစ်နိုင်ငံလုံးဆုတောင်းနေမယ်ဆိုတာ သေချာပါတယ်။

၃.ဘန်ဇီးမား (ပြင်သစ်)
၂၀၂၂ ဘော်လွန်းဒီအော်ဆုရှင် ဘန်ဇီးမားဟာ တရားရုံးကိစ္စကြောင့် ပြင်သစ်လူစာရင်းကနေ ဖယ်ထုတ်ခံထားရတာ ကြာပြီဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်မှာ ရော်နယ်ဒို ထွက်ခွာသွားပြီးနောက်ပိုင်း ဘန်ဇီးမားကပဲ တိုက်စစ်ကို ဦးဆောင်ခဲ့ရကာ အောင်မြင်မှုတွေကို ထပ်မံရယူနိုင်ခဲ့ပါတယ်။ ယမန်နှစ်ရာသီက ဘန်ဇီးမားတစ်ယောက် ပြိုင်ပွဲစုံ ဂိုး ၄၀ အထက် သွင်းနိုင်ခဲ့ပေမယ့် ယခုနှစ်ရာသီမှာတော့ ကြွက်သား ဒဏ်ရာကြောင့် ရုန်းကန်နေရကာ စက်တင်ဘာလလယ်နောက်ပိုင်း ၁ ပွဲသာ ပါဝင်ခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် ပြင်သစ်နည်းပြ ဒက်စ်ချမ့်ကတော့ ဘန်ဇီးမားကို ယုံယုံကြည်ကြည်ပဲ ကမ္ဘာ့ဖလားလူစာရင်းမှာ ရွေးချယ်ပေးထားကာ တိုက်စစ်မှာ မက်ပီ၊ ဒမ်ဘီလီတို့လို ကစားသမားတွေနဲ့ တွဲဖက်စေဖို့ ရှိနေပါတယ်။ ဘော်လွန်းဒီအော်ဆုကို လောလောလတ်လတ်ရထားတဲ့ ဘန်ဇီးမားရဲ့ခြေစွမ်းကို တစ်ကမ္ဘာ့လုံးစောင့်ကြည့်နေကြမယ်ဆိုတာ သေချာပါတယ်။

၂.မက်ဆီ(အာဂျင်တီးနား)
မက်ဆီရဲ့ အာဂျင်တီးနားအသင်းဟာ ၂၀၂၁နွေရာသီအတွင်း ကိုပါအမေရိကဖလားကို ဆွတ်ခူးနိုင်ခဲ့ကာ သူ့ရဲ့နောက်ဆုံးကမ္ဘာ့ဖလားကို ဂုဏ်ယူစွာနဲ့ ဖြတ်သန်းနိုင်မယ်လို့ မျှော်လင့်လျက်ရှိနေပါတယ်။ ယမန်နှစ်ရာသီက ပီအက်စ်ဂျီမှာ ရုန်းကန်ခဲ့ရတဲ့ မက်ဆီဟာ ယခုနှစ်ရာသီမှာတော့ ခြေစွမ်းကောင်းတွေ ပြန်ရလာပြီး လီဂူးဝမ်းမှာ ၇ ဂိုးသွင်း ၁၀ ဂိုး ဖန်တီးထားသလို ချန်ပီယံလိဂ်မှာ ၄ဂိုး သွင်းထားခဲ့ပါတယ်။ မက်ဆီရဲ့စွမ်းဆောင်ရည်တွေက သတင်းတွေထဲ ပြန်လည်ပါဝင်လာခဲ့သလို အာဂျင်တီးနားကလည်း ယခုနှစ်ကမ္ဘာ့ဖလားကို ဗိုလ်စွဲမယ်လို့ ရေပန်းစားနေပါတယ်။ ရော်နယ်ဒိုနဲ့ ကစားသမားဘဝတစ်လျောက် ဆုဖလားတွေ၊ အောင်မြင်မှုတွေ ပြိုင်ဆိုင်လာခဲ့တဲ့ မက်ဆီတစ်ယောက် ယခုနှစ်ကမ္ဘာ့ဖလားကို ဘယ်သူဆွတ်ခူးမယ်ဆိုတာက သူတို့၂ယောက်ရဲ့ ပြိုင်ဆိုင်မှုကို အဆုံးအဖြတ်ပေးသွားဖွယ်ရှိနေပါတယ်။ မက်ဆီရဲ့ နှလုံးသာနဲ့ ဝိဉာည်တွေက ကာတာမှ ပွဲတိုင်းမှာ ကျန်ရှိနေမှာဖြစ်ပြီး သူဘာလုပ်နိုင်တယ်ဆိုတာ သိပ်ပြောပြနေရာတော့ မလိုပါဘူး။

၁.ကိုင်လီမက်ပီ(ပြင်သစ်)
မက်ပီဟာ ကမ္ဘာမှာ လစာအများဆုံး ကစားသမားဖြစ်ပြီး ရော်နယ်ဒိုနဲ့ မက်ဆီတို့ရဲ့နေရာကို အစားဝင်မယ်ဆိုပြီး ရေပန်းစားနေပါတယ်။ ဒါပေမယ့် ဟာလန်းလည်း ပါတာပေါ့နော်။ မက်ပီဟာ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ပါဝင်ခဲ့ပြီး ပြင်သစ်အသင်းအတွက် ၇ပွဲကစားရာမှာ ၄ဂိုး သွင်းနိုင်ခဲ့ပါတယ်။ ဒါက မက်ပီရဲ့စွမ်းဆောင်ရည်ကို ကမ္ဘာကြီးက စတင်အသိအမှတ်ပြုချိန်ဖြစ်ပြီး အဲ့ဒီနောက်ပိုင်း ခြေစွမ်းတွေက ဒီထက်ပိုတိုးတက်လာခဲ့ပါတယ်။ အသက်ငယ်သေးပေမယ့် မက်ပီဟာ ယခုနှစ်ရာသီ ပီအက်စ်ဂျီအတွက် ၁၈ဂိုး သွင်းယူထားပြီဖြစ်ပြီး ပြင်သစ်ရဲ့ အရည်အချင်းပြည့်ဝတဲ့ ကမ္ဘာ့ဖလား လူစာရင်းမှာ အဓိကနေရာကနေ ပါဝင်နေပါတယ်။ ပြင်သစ်မှာ ကန်တီနဲ့ ပေါ့ဂ်ဘာ မပါတာက ကွင်းလယ်ပိုင်းအားနည်းချက် ဖြစ်ပေမယ့် ကစားသမားတွေရဲ့ ခြေစွမ်းက ထိပ်တန်းအဆင့်မှာရှိနေတယ်ဆိုတာကို လျစ်လျူရှုရခက်ပါတယ်။

#အယ်ဒီတာအကြိုက် #ရော်နယ်ဒို #ဟယ်ရီကိန်း #ဘန်ဇီးမား #မက်ဆီ #မက်ပီ #၂၀၂၂ကမ္ဘာ့ဖလား