ရှေ့သို့
Image

နယ်သာလန် အသင်းနဲ့ ပွဲစဉ်မှာ အန်နာဗလင်စီယာ ကြံ့ခိုင်မှု အပြည့်ဖြစ်နေမယ်လို့ အတည်ပြုလိုက်တဲ့ အီကွေဒေါ နည်းပြ

3:55 PM, 21 November

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်ကို တနင်္ဂနွေည ၁၀:၃၀ မှာ ကာတာအသင်းနဲ့ အီကွေဒေါအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဝါရင့်တိုက်စစ်ကစားသမား အန်နာဗလင်စီယာရဲ့ တစ်ဦးတည်းသွင်းဂိုး ၂ဂိုးဖြင့် အီကွေဒေါအသင်းက အနိုင်ရယူနိုင်ခဲ့အပြီးမှာ အီကွေဒေါအသင်းရဲ့ နည်းပြ ဂူစတာဗိုအယ်ဖာရိုက ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အဖွင့်ဂိုးရှင် ဗလင်စီယာ အနေဖြင့် လာမယ့် နယ်သာလန်အသင်းနဲ့ ကစားရမယ့် ပွဲစဉ်တွင်လည်း ကြံ့ခိုင်မှုအပြည့်ဖြစ်နေမယ်ဆိုတဲ့ အကြောင်းကို အတည်ပြု ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

အီကွေဒေါအသင်းအတွက် အရေးပါတဲ့ သွင်းဂိုးနှစ်ဂိုးအား ကာတာအသင်းဘက်ကို ပထမပိုင်း ပွဲကစားချိန် ၄၅မိနစ် အတွင်းမှာ သွင်းယူပေးနိုင်ခဲ့တဲ့ ဗလင်စီယာအနေဖြင့် အီကွေဒေါအသင်းရဲ့ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမား တစ်ယောက်အဖြစ်ပါ စံချိန်ရေးထိုးကာ မှတ်တမ်းကောင်းကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပွဲကစားချိန်အတွင်းမှာ ဗလင်စီယာအနေဖြင့် ဦးဆောင်ဂိုးကို စောစောစီးစီးသွင်းယူ နိုင်ခဲ့ပြီး အဆိုပါသွင်းဂိုးကို VAR ကြည့်ကာ ကွင်းလယ်ဒိုင်လူကြီးမှ ပြန်လည်ပယ်ချ သွားခဲ့တာကြောင့် အီကွေဒေါတို့ နစ်နာခဲ့ရပေမဲ့ များမကြာမီမှာပဲ အီကွေဒေါအသင်းရခဲ့တဲ့ ပင်နတီပြစ်ဒဏ်ဘောမှတစ်ဆင့် ဗလင်စီယာက ကန်သွင်းယူကာ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အဖွင့်ဂိုးကို သွင်းယူပေးလိုက်နိုင်တာလည်း ဖြစ်ပါတယ်။

ဗလင်စီယာရဲ့ နယ်သာလန်အသင်းနဲ့ ပွဲစဉ်အတွင်း ပါဝင်နိုင်ခြေနဲ့ ပက်သက်လို့ နည်းပြ ဂူစတာဗိုက“ဗလင်စီယာက အီကွေဒေါအသင်းမှာ ရွေးချယ်ခံရတဲ့ အပေါ် အမြဲလို မေးခွန်းထုတ်ခံရတဲ့ ကစားသမားပါ။ ဒါပေမဲ့ ခက်ခဲတဲ့ အချိန်ကာလတွေရဲ့ အလွန်မှာတော့ သူက ကျွန်တော်တို့အသင်းရဲ့ သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမား အဖြစ်ပါ မှတ်တမ်းရေးထိုးပေးခဲ့ပါပြီ” “နယ်သာလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပွဲစဉ်မှာလည်း အန်နာဗလင်စီယာ သေချာပေါက် ဝင်ကစားနိုင်မှာပါ။ သံသယဖြစ်စရာ မရှိပါဘူး”လို့အတည်ပြု ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

#နယ်သာလန် #၂၀၂၂ကမ္ဘာ့ဖလား #အီကွေဒေါ #ဂူစတာဗိုအယ်ဖာရို #အန်နာဗလင်စီယာ