ရှေ့သို့
Image

ဆိုးရွားလွန်းတဲ့ စတင်မှုတစ်ခုလို့ အီကွေဒေါကို ရှုံးနိမ့်အပြီးမှာ ထုတ်ပြောလိုက်တဲ့ ကာတာနည်းပြ ဆန်းချက်ဇ်

4:21 PM, 21 November

မနေ့ညပိုင်း၊ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်အဖြစ် အီကွေဒေါအသင်းကို နှစ်ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ကာတာနည်းပြ ဖီးလစ်ဆန်းချက်ဇ်က သူရဲ့အသင်းဟာ ကြောက်မက်ဖွယ်ဆိုးရွားလွန်းတဲ့ စတင်မှုတစ်ခုကို ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြောလိုက်ပါတယ်။

ဒီပွဲစဉ်ရလဒ်ပိုင်းကြောင့် ကာတာအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတလျှောက် အဖွင့်ပွဲစဉ်ရှုံးနိမ့်တဲ့ ပထမဆုံးအိမ်ရှင်နိုင်ငံအသင်း အဖြစ် မှတ်တမ်းဝင်လာခဲ့ပါတယ်။ အန်နာဗလန်စီယာရဲ့သွင်းဂိုးနှစ်ဂိုးက တောင်အမေရိကအခြေစိုက်အသင်းရဲ့ ကမ္ဘာ့ဖလားခရီးစဉ်ကို အကောင်းဆုံးစတင်နိုင်စေဖို့ ဖြစ်လာစေခဲ့ပြီး ကာတာနဲ့ပွဲစဉ်ရဲ့ ပွဲချိန်အများစုကိုလည်း သက်တောင့်သက်သာနဲ့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ဆန်းချက်ဇ်က “ ဆင်ခြေပေးနေဖို့ မရှိပါဘူး။ ကျွန်တော်တို့က ပြိုင်ဘက်အသင်းကို ဂုဏ်ပြုပေးချင်ပါတယ်။ တိုးတက်ရမယ့်အခန်းကဏ္ဍတွေကလည်း အများကြီးပါပဲ။ ကျွန်တော်တို့အသင်းက ကောင်းကောင်း မစတင်နိုင်ခဲ့ဘူး။ တကယ့်ကို ကြောက်မက်ဖွယ် ဆိုးရွားလွန်းတဲ့ စတင်မှုတစ်ခုပါပဲ”လို့ ပြောဆိုသွားပါတယ်။

ပွဲမစတင်ခင်မှာ အိမ်ရှင်ပရိသတ်တွေက သူတို့ရဲ့အသင်းကို တက်တက်ကြွကြွအားပေးဖို့ ပြင်ဆင်ထားခဲ့ပေမယ့် ပွဲချိန်အတွင်း အီကွေဒေါ နှစ်ဂိုးပြတ်ဦးဆောင်ထားမှုကို ပြန်တွန်းလှန်ဖို့ မဖြစ်နိုင်တော့ချိန်မှာ ကာတာရိသတ်တွေ ပွဲမပြီးခင်မှာပဲ ကွင်းအတွင်းမှ ထွက်ခွာသွားကြပါတယ်။ ဒါပေမယ့် ပရိသတ်တွေရဲ့ ဆုံးဖြတ်ချက်အပေါ် ဆန်းချက်ဇ်က ဝေဖန်မှုပြုလုပ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။

“အမှန်အတိုင်းပြောရရင် ကျွန်တော့်ဆီမှာ ဒီအခြေအနေအပေါ် ပြန်သုံးသပ်ဖို့ အလုပ်တစ်ခုရှိပါတယ်။ ကျွန်တော်တို့ဟာ အားပေးထောက်ခံမှုတွေ ရရှိခဲ့တယ်လို့ ခံစားရပြီး နောက်ပွဲစဉ်မှာလည်း ကျွန်တော်တို့အသင်း ပရိသတ်တွေဟာ ဂုဏ်ယူစွာနဲ့ ပြိုင်ပွဲပြီးဆုံးတဲ့အထိ အသင်းကို အားပေးထောက်ခံသွားဖို့ မျှော်လင့်ထားပါတယ်။ ကွင်းထဲက အားပေးမှုကလည်း အရမ်းကိုကောင်းလွန်းပါတယ်။ ပရိသတ်တွေက ဒီပွဲစဉ်ကို အကြာကြီး စောင့်မျှော်နေခဲ့တာပါ။ ရှုံးပွဲကြုံတွေ့ရနိုင်တယ်ဆိုတာ ကျွန်တော်တို့ ကောင်းကောင်းသိပေမယ့် တခါတလေ ရလဒ်ပိုင်းတွေက လက်ခံဖို့ ခက်ခဲနိုင်လေ့ရှိပါတယ်။ ဒီနေ့ပွဲစဉ်ကနေ သင်ယူဖို့ ကြိုးစားသွားရမှာပါ။ ကျွန်တော်တို့အသင်းရဲ့ စွမ်းဆောင်ရည်ကောင်းနဲ့အတူ နောက်ပွဲစဉ်တွေမှာ ပရိသတ်တွေ ပျော်ရွှင်ရအောင် ပြုလုပ်ပေးနိုင်လိမ့်မယ်ဆိုတာ လုံးဝသေချာပါတယ်”လို့  ဆန်းချက်ဇ်က ပြောပါတယ်။

#ကာတာ #ဆန်းချက်ဇ် #၂၀၂၂ကမ္ဘာ့ဖလား #အီကွေဒေါ