ရှေ့သို့
Image

အီကွေဒေါနဲ့ပွဲစဉ်မှာ အပြောင်းအလဲတွေ လုပ်နိုင်တယ်လို့ ထုတ်ပြောလိုက်တဲ့ ဆီနီဂေါနည်းပြဆစ်စီ

9:07 AM, 26 November

ဆီနီဂေါအသင်းနည်းပြဆစ်စီက ကမ္ဘာ့ဖလားရှုံးထွက်အဆင့် တက်ရောက်ဖို့ အဆုံးအဖြတ်ပွဲစဉ်ဖြစ်တဲ့ အီကွေဒေါနဲ့ပွဲစဉ်မှာ နည်းဗျူဟာပိုင်းအပြောင်းအလဲတွေ လုပ်ကောင်းလုပ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။

အုပ်စု(A) အဖွင့်ပွဲစဉ်မှာ နယ်သာလန်ကို ရှုံးနိမ့်ခဲ့တဲ့ အီကွေဒေါက မနေ့ညပိုင်း၊ အိမ်ရှင်ကာတာ အသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရပြီး နောက်တစ်ဆင့်တက်နိုင်ရေးမျှော်လင့်ချက် ပြန်လည်အားကောင်းစေခဲ့ပါတယ်။ ဒါပေမယ့် အုပ်စုအပိတ်ပွဲစဉ်မှာ ဆီနီဂေါက နယ်သာလန်နဲ့သရေကျထားတဲ့ အီကွေဒေါကို မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်နေပါတယ်။

နည်းပြဆစ်စီက “ အုပ်စုနောက်ဆုံးပွဲစဉ်အတွက် သင့်တော်မယ့် ပွဲချဉ်းကပ်ပုံအကြောင်း ကျွန်တော်တို့ စဉ်းစားထားရပါမယ်။ ကျွန်တော်တို့အသင်းက နောက်ဆုံး၁၆သင်း ရှုံးထွက်အဆင့်ကို တက်ရောက်ဖို့ ဒီပွဲစဉ်ကို အနိုင်ရဖို့ လိုအပ်နေပါပြီ။ ကာတာနဲ့ပွဲစဉ်မှာ ပြိုင်ဘက်ကို ခွင့်ပြုပေးလိုက်ရတဲ့ ပေးဂိုးမျိုး ထပ်မပေးရအောင် ကျွန်တော်တို့ရဲ့ ပွဲအပေါ်အာရုံစူးစိုက်မှုက ပိုကောင်းလာဖို့ လိုအပ်နေပါတယ်။ ဒါပေမယ့် အီကွေဒေါနဲ့ပွဲစဉ်က ကွဲပြားခြားနားနေပါလိမ့်မယ်”လို့ ပြောခဲ့ပါတယ်။

ဒဏ်ရာပြဿနာကြောင့် အဓိကကစားသမား မာနေးကို လက်လွှတ်ခဲ့ရသလို ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့တဲ့ ဆစ်စီရဲ့ လက်ရှိအာဖရိကဖလားချန်ပီယံအသင်းက ကာတာနဲ့ပွဲစဉ်မှာတော့ တိုက်စစ်ကစားပုံတွေ ကောင်းမွန်နေခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာ ဆီနီဂေါနည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ ဆစ်စီက “ကာတာနဲ့ပွဲစဉ် ပွဲချိန်ဒုတိယပိုင်းအစမှာ ကျွန်တော်တို့ အသင်း ပွဲကိုကောင်းကောင်းစတင်နိုင်ခဲ့ပြီး နှစ်ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကာတာက ပြင်းပြင်းထန်ထန်ကစားလာတာကြောင့် ကျွန်တော်တို့အသင်း နည်းနည်းရုန်းကန်ခဲ့ရပြီး ချေပဂိုးပြန်ပေးလိုက်ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ကောင်းမွန်တဲ့ ခံစစ်တိုက်စစ်ကူးပြောင်းမှုကို နောက်တစ်ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး အရေးပါတဲ့ တတိယမြောက်သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ အသင်းကတော့ ကျွန်တော်ညွှန်ပြတဲ့အတိုင်း လုပ်ဆောင်ခဲ့တာပါ။ အသင်းလိုက်ကစားအားက အခြေခံအကျဆုံးပါပဲ။ မှန်ပါတယ်၊ မာနေးရဲ့နေရာကို အစားထိုးဖို့ဆိုတာ အလွန်ခက်ခဲတယ်ဆိုပေမယ့် အဆုံးမှာတော့ ဒါက အသင်းလိုက်ကစားနည်းဖြစ်ပါတယ်”လို့ ဆက်ပြောခဲ့ပါတယ်။

ဆီနီဂေါလက်ရွေးစင်အသင်းဟာ ပွဲဦးထွက်ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်တဲ့ ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့ပေမယ့် ရုရှားနိုင်ငံမှာကျင်းပတဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အုပ်စုအဆင့်မှာပဲ ထွက်ခွာခဲ့ရပါတယ်။

#ဆီနီဂေါ #၂၀၂၂ကမ္ဘာ့ဖလား #အီကွေဒေါ #ဆစ်စီ