ရှေ့သို့
Image

တောင်ကိုရီးယားအသင်းရဲ့ ရည်မှန်းချက်မှာ ပိုမိုမြင့်မားလာခဲ့ပြီလို့ ထုတ်ပြောလိုက်တဲ့ ဆွန်ဟောင်မင်

9:08 AM, 3 December

မနေ့ညပိုင်း၊ ပေါ်တူဂီနဲ့ ရင်ဆိုင်ကစားရတဲ့ ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲစဉ်ကို အနိုင်ရခဲ့ပြီးနောက် တောင်ကိုရီးယား အသင်းရဲ့ ရည်မှန်းချက်မှာ ပိုမိုမြင့်မားလာခဲ့ပြီလို့ တောင်ကိုရီယားကြယ်ပွင့်တိုက်စစ်မှူး ဆွန်ဟောင်မင်က ထုတ်ပြောလိုက်ပါတယ်။

ဟွမ်ရီချန်းရဲ့ နာကျင်အချိန်ပိုသွင်းဂိုးအပါအဝင် ပေါ်တူဂီကို ၂-၁ ဂိုးနဲ့ အနိုင်ရပြီးနောက် တောင်ကိုရီးယားအသင်းဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ၊ ၁၆ သင်းရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။ တော့တင်ဟမ်အသင်း တိုက်စစ်မှူးကလည်း ဟွမ်ရီချန်းရဲ့သွင်းဂိုးအတွက် ဂိုးထောက်ပံ့ပေးခဲ့ပြီး ဒီပွဲစဉ်အတွင်း သူ့ရဲ့ခြေစွမ်းအပေါ် ဘောလုံးဝေဖန်သုံးသပ်သူတွေက ချီးကျူးပြောဆိုခဲ့ကြပါတယ်။

ပေါ်တူဂီကို အနိုင်ရအပြီး ဆွန်ဟောင်မင်က “ပေါ်တူဂီနဲ့ပွဲစဉ်က ခက်ခဲတဲ့ ပွဲစဉ်တစ်ခုဖြစ်လာမယ်ဆိုတာကို ကျွန်တော် ဦးဆုံးတွေးမိခဲ့သလို အဲ့ဒီအတိုင်းပဲ မျှော်လင့်ခဲ့ပါတယ်။ ဒီပွဲစဉ်က တကယ့်ကိုခက်ခဲခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်တို့ ကစားသမားတွေက အရှုံးမပေးခဲ့သလို အလုပ်ကို ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ပါတယ်။ ကျွန်တော်တို့ ကောင်းကောင်းလုပ်နိုင်ခဲ့သလို ဒီအတွက် ကျွန်တော့်အနေနဲ့ ဂုဏ်ယူမိပါတယ်။ ၁၆ သင်း ရှုံးထွက်အဆင့် တက်ရောက်ဖို့က ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပဲ။ အခုတော့ ပိုမြင့်မားတဲ့ ရည်မှန်းချက်တွေ ရှိလာခဲ့ပါပြီ။ ဒီရည်မှန်းချက်တွေကို ရရှိလာစေဖို့ ကျွန်တော်တို့ အလုပ်ကို အကောင်းဆုံးလုပ်ရပါလိမ့်မယ်။ ဘောလုံးကမ္ဘာမှာ ဘယ်သူမှမသိသေးပါဘူး။ အထူးသဖြင့် အခုလိုအခိုက်အတန့်မျိုးမှာပေါ့။ ကျွန်တော်တို့ အသင်းမှာ ဘရာဇီးကို အနိုင်ရဖို့ အခွင့်အလမ်းတစ်ခုရှိလာမယ်ဆိုရင်လည်း ကျွန်တော်တို့ အကောင်းဆုံးလုပ်ဆောင်သွားမှာဖြစ်သလို ကျွန်တော့်တို့ရဲ့ အကောင်းဆုံးပွဲစဉ်အတွက်လည်း ပြင်ဆင်သွားမှာပါ”လို့ ပြောဆိုခဲ့ပါတယ်။

တောင်ကိုရီးယားအသင်းရဲ့ အရေးပါတဲ့နိုင်ပွဲမှာ ဆွန်ဟောင်မင်ရဲ့ခြေစွမ်းပိုင်းက အဓိကနေရာမှာ ပါဝင်နေခဲ့ပြီး အဆုံးအဖြတ်သွင်းဂိုးအတွက် ဂိုးဖန်တီးမှုကိုလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်ပွဲစဉ်ယှဉ်ပြိုင်မှုတွေ ပြီးစီးခဲ့ပြီဖြစ်ပြီး တောင်ကိုရီးယားက လာမယ့်တနင်္လာနေ့မနက်ပိုင်းမှာ ဘရာဇီးအသင်းနဲ့ ကမ္ဘာ့ဖလား ၁၆သင်းအဆင့်ရှုံးထွက်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။

#ပေါ်တူဂီ #ဆွန်ဟောင်မင် #၂၀၂၂ကမ္ဘာ့ဖလား