ရှေ့သို့
Image

နယ်သာလန်နဲ့ ပွဲစဉ်ကို ပူလီဆစ် ပါဝင်ကစားမယ်လို့ အမေရိကန်ဘောလုံးအဖွဲ့ချုပ်ကြေညာ

9:30 AM, 3 December

လာမယ့်စနေနေ့၊ နယ်သာလန်အသင်းနဲ့ ရင်ဆိုင်ရမယ့် ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ အသင်းရဲ့အဓိက ကစားသမား ပူလီဆစ် ပါဝင်ကစားမယ်လို့ အမေရိကန်ဘောလုံးအဖွဲ့ချုပ် တရားဝင်ကြေညာလိုက်ပါတယ်။

သောကြာနေ့ အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်အပြီးမှာ အမေရိကန်ဘောလုံးအဖွဲ့ချုပ်က အခုလိုကြေညာခဲ့တာပါ။ ပူလီဆစ်ဟာ ပြီးခဲ့တဲ့အင်္ဂါနေ့၊ အီရန်အသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပြိုင်ဘက်ဂိုးသမားနဲ့ ထိခိုက်မိကာ တင်ပါးဆုံရိုး ဒဏ်ရာ ရရှိခဲ့ပြီးနောက် ပထမပိုင်း ပွဲချိန်အပြီး လူစားလဲလှယ်ခဲ့ရပါတယ်။ ဒီနောက်မှာတော့ အသက်-၂၄ နှစ်အရွယ် တောင်ပံတိုက်စစ်သမားဟာ ဒဏ်ရာပြသဖို့ ဆေးရုံဆီ သွားခဲ့ရပြီး နောက်ပိုင်းမှာတော့ အသင်းနဲ့အတူ အောင်ပွဲခံဖို့ အသင်းတည်းခိုရာ ဟိုတယ်ဆီ ပြန်လာခဲ့ပါတယ်။

ပူလီဆစ်ကတော့ ပြီးခဲ့တဲ့ကြာသပေးတေးနေ့မှာ သူနေလို့ကောင်းနေတယ်လို့ ထုတ်ပြောခဲ့ပါတယ်။ အမေရိကန်လက်ရွေးစင် အသင်း တိုက်စစ်မှူးဆာဂျန့်ကလည်း အီရန်နဲ့ပွဲစဉ်မှာ ခြေချင်းဝတ်ဒဏ်ရာ ရခဲ့ပြီးနောက် လူစားလဲလှယ်ခဲ့ရပါတယ်။

အမေရိကန်အသင်းလူစာရင်းမှာ ရိုက်စ်နဲ့ ဖာရဲရားတို့လို အခြားတိုက်စစ်မှူးတွေလည်း ရှိနေပါသေးတယ်။ ဆာဂျန့်က ဝေးလ်၊ အီရန်တို့နဲ့ ရင်ဆိုင်ရတဲ့ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်တွေမှာ ပွဲထွက်ပါဝင်ကစားခဲ့ပြီး ရိုက်စ်ကတော့ အင်္ဂလန်အသင်းနဲ့ရင်ဆိုင်ရတဲ့ ပွဲစဉ်မှာ ပွဲထွက်ကစားခဲ့ပါတယ်။

#နယ်သာလန် #ပူလီဆစ် #၂၀၂၂ကမ္ဘာ့ဖလား #အမေရိကန်