ရှေ့သို့
Image

ဂါနာနဲ့ ပွဲစဉ် အပြီးမှာ VARမော်နီတာကို လက်သီးနဲ့ထိုးသွားခဲ့တဲ့ ကာဗာနီ

9:40 AM, 3 December

အီဒင်ဆင်ကာဗာနီဟာ ယမန်နေ့ည ဂါနာအသင်းကိုရှုံးကာ ဥရုဂွေးအသင်း အုပ်စုကနေ ထွက်ခဲ့ရပြီးနောက် VARကြည့်တဲ့ မော်နီတာကို လက်သီးနဲ့ထိုးသွားခဲ့ပါတယ်။ တစ်ချိန်တည်း ကစားနေတဲ့ပွဲစဉ်မှာ တောင်ကိုရီးယား အသင်းက ပေါ်တူဂီကို ၂-၁ဂိုးနဲ့ နိုင်ခဲ့ပြီးနောက် သွင်းဂိုးအရေအတွက်အသာနဲ့ ၁၆သင်း အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။

ဥရုဂွေးတို့ အုပ်စုအဖွင့်ပွဲစဉ်၂ပွဲဆက် ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဂါနာကို ပွဲအစောပိုင်းကတည်းက ၂ဂိုးပြတ် ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် တောင်ကိုရီးယားက အချိန်ပိုမိနစ်မှာ ဦးဆောင်ဂိုးသွင်းလိုက်ချိန် ဥရုဂွေးအသင်းက ဂိုးပိုသွင်းဖို့ လိုအပ်ခဲ့ပါတယ်။

ဒါပေမယ့် ကာဗာနီကြောင့် ပင်နယ်တီရနိုင်တဲ့ အခွင့်အရေးတစ်ခုကို ကွင်းလယ်ဒိုင်က လျစ်လျူရှုသွားခဲ့ပါတယ်။ တကယ်လို့သာ ပင်နယ်တီရပြီး ဂိုးဝင်အောင်သွင်းနိုင်ခဲ့ရင် ဥရုဂွေး အသင်းက ဂိုးကွာခြားချက်အသာနဲ့ နောက်တစ်ဆင့် တက်သွားနိုင်မှာပါ။ အဆိုပါပင်နယ်တီမရခဲ့မှုအပေါ် ပွဲအပြီးမှာ ဥရုဂွေးအသင်းသားတွေက ကွင်းလယ်ဒိုင်ကို အပြင်းအထန် စောဒကတက်ခဲ့ကြလို့ အဝါကတ်တောင်ထိခဲ့ကြပါသေးတယ်။

ပွဲအပြီး ကွင်းထဲကထွက်လာချိန်မှာတော့ ကာဗာနီတစ်ယောက် ဒေါသပေါက်ကွဲကာ VARမော်နီတာကို လက်သီးနဲ့ထိုးခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ မော်နီတာကြီးလဲကျသွားချိန် ကာဗာနီက ဥမင်ထဲ ဆက်ထွက်သွားခဲ့ပြီး အနားမှာ ပြိုင်ပွဲတာဝန်ရှိသူတွေလည်း ရှိနေခဲ့ပါတယ်။

ဥရုဂွေးအသင်း အုပ်စုက ထွက်ခဲ့ရပြီးနောက် ဂါနာနဲ့ပွဲမှာ ဂိုးဖန်တီးမှု၂ကြိမ်ပြုလုပ်နိုင်ခဲ့တဲ့ လူးဝစ်ဆွာရက်ဇ်တစ်ယောက် အရန်ခုံတန်းမှာ မျက်ရည်ကျနေခဲ့တာကိုလည်း စိတ်မကောင်းစရာအဖြစ် မြင်တွေ့ခဲ့ရပါတယ်။

#ကာဗာနီ #ဂါနာ #ဥရုဂွေး #၂၀၂၂ကမ္ဘာ့ဖလား