ရှေ့သို့
Image

ရက်ရှ်ဖို့ဒ် အပါအဝင် ကစားသမား ၅ဦးလောက်ကို စာချုပ်သက်တမ်း တိုးဖို့ ပြင်ဆင်နေတဲ့ ယူနိုက်တက်

3:27 PM, 13 December

ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ရလဒ်ပိုင်းပြန်လည် ကောင်းမွန်စပြုလာတဲ့ မန်ချက်စတာယူနိုက်တက် အသင်းအနေဖြင့် အဓိက ကစားသမား ၅ဦးဖြစ်တဲ့ တိုက်စစ်ကစားသမား ရက်ရှ်ဖို့ဒ်၊ ကွင်းလယ်ကစားသမား ဖရက်၊ နောက်တန်းကစားသမား ဒါလော့နဲ့ လုခ်ရှော တို့အပြင် အို့ထရက်ဖို့ဒ်မှာ သက်တမ်းရှည်ကြာစွာ အဓိကဂိုးသမားတစ်ယောက်အဖြစ် ရပ်တည်ထားနိုင်ခဲ့တဲ့ ဂိုးသမား ဒေးဗစ်ဒီဂီယာတို့ကို စာချူပ်သက်တမ်း တိုးမြင့်သွားဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြချုပ် အဲရစ်တန်ဟတ်ကိုယ်တိုင် ယူနိုက်တက်အသင်းနဲ့အတူ ၆လသာ စာချုပ်သက်တမ်းကျန်ရှိတော့တဲ့ အဆိုပါ ကစားသမား ၅ဦးစလုံးကို စာချုပ်ပါ အချက်အလက်အတိုင်း ၂၀၂၃ရာသီကုန်အရောက်မှာ ထပ်မံသက်တမ်း တစ်နှစ်တိုးမြင့်ကစားသွားစေမှာဖြစ်တဲ့အကြောင်း အတည်ပြု ပြောဆိုထားခဲ့တာလည်း ဖြစ်ပါတယ်။

လီဂူးဝမ်းကလပ် ပီအက်စ်ဂျီအသင်းက မားကပ်စ်ရက်ရှ်ဖို့ဒ်ကို ခေါ်ယူနိုင်ရန်အတွက် ချိတ်ဆက်ကြိုးပမ်းမှုတွေ ရှိနေတဲ့အပြင် ဝါရင့်ဂိုးသမား ဒေးဗစ်ဒီဂီယာကိုပါ ဆက်ထိန်းထားလိုတာကြောင့် လာမယ့် နွေအပြောင်းအရွှေ့ကာလမှာ ဆက်ထိန်းထားရေးအတွက် ကြိုတင်ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ကစားသမားတွေရဲ့ အနာဂတ်နဲ့ ပက်သက်လို့ နည်းပြ တန်ဟတ်က“ကျွန်တော်တို့အနေဖြင့် ကစားသမားတွေကို ယူနိုက်တက်အသင်းမှာ ဆက်ထိန်းထားနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်နေပါတယ်။ အရာအားလုံးက ကျွန်တော်တို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပါတယ်။ စာချုပ်သက်တမ်းတိုးမြှင့်နိုင်တဲ့ သဘောတူညီချက်တစ်ခုရှိနေသေးတာကြောင့် ဒီအချက်ကို အသုံးပြုသွားမှာပါ” “ရက်ရှ်ဖို့ဒ်အသင်းမှာ ကာလရှည်စာချုပ် ချုပ်ဆိုသွားမလားဆိုတာကတော့ ပုံသေပြောပြာလို့ မရနိုင်သေးဘဲ သူ့ကို ဒီအသင်းက ကမ္ဘာ့အကောင်းဆုံး အသင်းတွေထဲမှ တစ်သင်းဖြစ်တယ်ဆိုတာကို မြင်အောင်ပြသနိုင်ဖို့ လိုအပ်ပါတယ်” “ကစားသမားတွေ အနေဖြင့် တစ်နှစ်စာချုပ်သက်တမ်း ထပ်တိုးပြီးရင် တစ်နှစ်ခွဲတောင်ထပ်ရှိသွားဦးမှာ ဖြစ်လို့ ကြားကာလမှ ဆက်ဆွေးနွေးသွားမှာပါ”လို့ရှင်းပြ ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဝက်ဖို့ဒ် #တန်ဟတ် #ပရီးမီးယားလိဂ်