ရှေ့သို့
Image

ပြင်သစ်မဂ္ဂဇင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားစာရင်းမှာ ပရီးမီးယားလိဂ်ကစားသမား ၄ ဦးပါဝင်

4:55 PM, 26 December

ပြင်သစ်နာမည်ကြီးမဂ္ဂဇင်း L'Equipe ရဲ့ ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံးကစားသမား ၁၁ ဦးစာရင်းကို ထုတ်ပြန်ခဲ့ရာမှာ ပရီးမီးယားလိဂ်အခြေစိုက် ကစားသမား ၄ ဦး ပါဝင်လာခဲ့ပါတယ်။ အခုရွေးချယ်မှုမှာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြသပြီး ဗိုလ်လုပွဲအဆင့်အထိ ပို့ဆောင်ပေးခဲ့တဲ့ တောင်ပံတိုက်စစ်မှူးဒမ်ဘီလီ မပါဝင်ခဲ့ပါဘူး။

ဒါပေမယ့် မက်ပီ၊ ဘန်ဇီးမား၊ သီယိုဟာနန်ဒက်ဇ်တို့လို ပြင်သစ်လက်ရွေးစင်ကစားသမားတွေကိုတော့ ဒီစာရင်းထဲမှာ ရွေးချယ်ခဲ့ပါတယ်။ မက်ပီက အာဂျင်တီးနားနဲ့ရင်ဆိုင်ရတဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခြင်းအပါအဝင် ဒီတစ်နှစ်တာအတွင်း နိုင်ငံ့လက်ရွေးစင်အသင်းနဲ့ ကလပ်အသင်းတို့အတွက် စုစုပေါင်း ၅၅ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။ ဒါ့အပြင် ဒီနှစ်ထဲမှာ မက်ပီက ပြင်သစ်လီဂူးဝမ်းချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့သလို ကမ္ဘာ့ဖလားငွေတံဆိပ်ဆုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဘန်ဇီးမားကတော့ ဒီနှစ်အတွင်း သွင်းဂိုး ၃၁ ဂိုးသွင်းယူကာ ချန်ပီယံလိဂ်ဆုဖလား၊ လာလီဂါချန်ပီဆုဖလားနဲ့ ဘော်လွန်းဒီအောဆုတို့ကို သိမ်းပိုက်ရင်း အောင်မြင်တဲ့တစ်နှစ်တာ ခရီးစဉ်ကို အဆုံးသတ်နိုင်ခဲ့တာပါ။ ဘန်ဇီးမားက ဘော်လွန်းဒီအောဆုကို ၂၀၂၂ ခုနှစ်အတွင်း အာဂျင်တီးနားနဲ့ ပီအက်စ်ဂျီတို့အတွက် ၃၅ ဂိုးအထိ သွင်းယူပေးခဲ့တဲ့ မက်ဆီကိုကျော်ဖြတ်ကာ ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

မက်ပီရဲ့ကလပ်အသင်းဖော်လည်းဖြစ်တဲ့ မက်ဆီက လီဂူးဝမ်းချန်ပီယံဆုနဲ့ ကမ္ဘာ့ဖလားတို့ကို အနိုင်ရခဲ့သူလည်း ဖြစ်ပါတယ်။ L'Equipe ရဲ့ ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံး ကစားသမား ၁၁ ဦးစာရင်းကို ထုတ်ပြန်ခဲ့ရာမှာ ဒီဘရိုင်း၊ ကိုင်လ်ဝေါ်ကာ၊ ကတ်စ်မဲရိုးနဲ့ ဗန်ဒိုက်တို့ ပါဝင်လာခဲ့ပါတယ်။ ဒီဘရိုင်းနဲ့ ကိုင်လ်ဝေါ်ကာတို့က ဗန်ဒိုက်ရဲ့လီဗာပူးကိုကျော်ဖြတ်ကာ ပြီးခဲ့တဲ့ရာသီပရီးမီးယားလိဂ်ချန်ပီယံဆုကြီးကို မန်စီးတီးနဲ့အတူ ရရှိခဲ့ပါတယ်။

ကတ်စ်မဲရိုးကလည်း ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ်၊ လာလီဂါတို့မှာ ဗိုလ်စွဲခဲ့ပြီးနောက် နွေရာသီအပြောင်းအရွှေ့အတွင်း မန်ချက်စတာယူနိုက်တက်ဆီ ပြောင်းရွှေ့လာခဲ့တာပါ။ ကော်တိုရစ်နဲ့ မိုဒရစ်တို့ကလည်း ရီးရဲလ်မက်ဒရစ်နဲ့အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ပြီးနောက် L'Equipe ရဲ့ အကောင်းဆုံးကစားသမားစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။

နောက်ဆုံး ၁၁ နှစ်အတွင်း အေစီမီလန်ကို ပထမဆုံးအကြိမ် စကူဒက်တိုချန်ပီယံဆုကို ဆွတ်ခူးနိုင်အောင် ကူညီပေးခဲ့တဲ့ ဘယ်နောက်ခံလူ သီယိုဟာနန်ဒက်ဇ်လည်း ဒီစာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာ့အကောင်းဆုံး ဗဟိုနောက်ခံလူတွေအနက်တစ်ဦးအဖြစ် ပေါ်ထွက်လာတဲ့ ခရိုအေးရှားကြယ်ပွင့်ဂျီဗာဒီအော်လ်လည်း L'Equipe ရဲ့ ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံးကစားသမား ၁၁ ဦးစာရင်းမှာ ပါဝင်လာပါတယ်။ လာမယ့်အပြောင်းအရွှေ့ရာသီမှာ ချဲလ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ်တို့က ဒီကစားသမားကို ခေါ်ယူဖို့စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

L'Equipe ရဲ့ ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံးကစားသမား ၁၁ ဦးစာရင်း
----------------------------------------------------------------------------------
ကော်တိုရစ်(ဂိုး)၊ ဂျီဗာဒီအောလ်၊ ဗန်ဒိုက်၊ ကိုင်လ်ဝေါ်ကာ၊ ဒီဘရိုင်း၊ ကတ်စ်မဲရိုး၊ မိုဒရစ်၊ မက်ဆီ၊ မက်ပီ၊ ဘန်ဇီးမား။

#ဘန်ဇီးမား #မက်ပီ #ဟာနန်ဒက်ဇ် #ပရီးမီးယားလိဂ်