ဥရောပတိုက်မှာ ပြောင်းရွှေ့ကစားတော့မယ့် ကမ္ဘာ့အသက်ကြီးဆုံး ပရိုဘောလုံးကစားသမား
2:22 PM, 3 February
ဂျပန်လူမျိုး ဘောလုံးသမားတစ်ဦးဖြစ်တဲ့ ကာဇူယိုရှီက အသက် ၅၅နှစ်အရွယ် ရောက်ချိန်အထိ ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှာ ကစားနိုင်နေတာကြောင့် ကမ္ဘာ့တစ်ဝှမ်းဘောလုံးပရိတ်သတ်တွေရဲ့ အံ့အားသင့်ချီးကျူးခြင်း ခံနေရတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ဂျပန်လိဂ်ပြိုင်ပွဲအပြင် ဥရောပမှာပါ အခြချကာ သွားရောက်ကစားဖို့ရှိနေတာပဲ ဖြစ်ပါတယ်။
“ကာဇူဘုရင်” လို့ တင်စားခေါ်ဝေါ်ကာ နာမည်ကြီးနေတဲ့ ဂျပန်စတားက ဥရောပတိုက်ကို သွားရောက်ကစားဖို့ရှိနေပြီး ပေါ်တူဂီလိဂ်ဒုတိယတန်းကလပ် အိုလီဗီရန့်စ်အသင်းကို ဂျပန်ကလပ် ယိုကိုဟားမားအသင်းကနေပြောင်းရွှေ့ကစားမှာလည်း ဖြစ်ပါတယ်။
ကာဇူယိုရှီရဲ့ အပြောင်းအရွှေ့က ၁၉၈၆ခုနှစ်မှာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို စတင်ခဲ့တာကြောင့် အသက် ၅၅နှစ်အရွယ်မှာ ၃၈ရာသီမြောက် ဘောလုံးရာသီအဖြစ် ကစာသွားရစေမှာပဲ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံ၌ ပြည်တွင်းလိဂ်မစတင်ရသေးခင်ကာလတွင် ကာဇူယိုရှီက ဘရာဇီးကလပ် ဆန်းတို့စ်အသင်းမှာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စတင်ခဲ့သူဖြစ်ပြီး ဂျေလိဂ်စတင်ချိန်မှာတော့ ပြည်တွင်းလိဂ်ကိုပြန်လည်ပူးပေါင်းခဲ့ပြီး ဗာဒီကာဝါဆာကီအသင်းကို ၁၉၉၃ခုနှစ်နဲ့ ၁၉၉၄ခုနှစ်တွေမှာ ၂ရာသီဆက် ချန်ပီယံအဖြစ်လာစေရန် ဦးဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
စီးရီးအေပြိုင်ပွဲကို ပထမဆုံးပါဝင်ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ကစားသမားအဖြစ် ၁၉၉၄ခုနှစ်တွင် ဂျီနိုအာအသင်းကို အငှားသွားရောက်ကစားခဲ့သလို ဪစတြေးလျလိဂ်ပြိုင်ပွဲဖြစ်တဲ့ အေလိဂ်ကို စတင်အကောင်အထည်ဖော်တဲ့ ၂၀၀၅ခုနှစ်မှာ ဆစ်ဒနီအသင်းအတွက် ပါဝင်ကစားပေးခဲ့သေးတာ ဖြစ်ပါတယ်။
ဂျပန်လက်ရွေးစင်အသင်းတွင် ၁၉၉၀ခုနှစ်မှာ စတင်ပွဲထွက်ကစားခွင့်ရခဲ့တဲ့ ကာဇူယိုရှီက ၁၀နှစ်ကြာကစားအပြီးမှာ ပွဲစဉ်ပေါင်း ၈၉ပွဲကစားပြီး သွင်းဂိုး ၅၅ဂိုးအထိသွင်းယူကာ ထိပ်တန်း ဂိုးသွင်းစွမ်းရည်ကို ပြသထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ပေါ်တူဂီကလပ် အိုလီဗီရန့်စ်အသင်းကို ပြောင်းရွှေ့ကစားခွင့် ရမယ့် အပေါ် ကာဇူယိုရှီ က
“ရေမြေသစ်က ဘောလုံးပရိတ်သတ်တွေကို ကျွန်တော်ဘောလုံး ဘယ်လိုကစားသလဲဆိုတာနဲ့ အားစိုက်ကစားဟန်တွေကို ပြသသွားမှာပါ” လို့
ဖွင့်ဆို ပြောကြားထားတာပဲ ဖြစ်ပါတယ်။