ရှေ့သို့
Image

နွေရာသီမှာ အိုဆီမန်ကို ပေါင်သန်း ၁၀၀ ကျော်ပေးခေါ်ဖို့ အသင့်ဖြစ်နေတဲ့ ယူနိုက်တက်

11:49 AM, 7 February

မန်ချက်စတာယူနိုက်တက်အသင်းဟာ ချဲလ်ဆီးအသင်းက အန်ဇိုဖာနန်ဒက်ဇ်ကို ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေး အသုံးပြုပြီးခေါ်ယူခဲ့သလိုပဲ နွေရာသီအပြောင်းအရွှေ့ကျရင် ဗစ်တာအိုဆီမန်အတွက် ပေါင် ၁၀၇ သန်းထိ သုံးစွဲကာခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ နာပိုလီတိုက်စစ်မှူးဟာ အထင်ကြီးစရာခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသခဲ့ပြီး စီးရီးအေမှာ သွင်းဂိုး ၁၆ ဂိုးနဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေပြီး ယူနိုက်တက်ရဲ့ နွေရာသီ ထိပ်တန်းပစ်မှတ်ဖြစ်လာခဲ့ပါတယ်။ 

အိုဆီမန်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နာပိုလီနဲ့ စပီဇီယာပွဲစဉ်မှာ သွင်းဂိုး ၂ ဂိုးသွင်းယူပြီး အသင်းအတွက် ၃-၀ နဲ့ ဂိုးပြတ်နိုင်ပွဲရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်ဟာ ဒဏ်ရာမကြာခဏရနေတဲ့ အန်တိုနီမာရှယ်နဲ့ ဇန်နဝါရီမှာခေါ်ယူထားတဲ့ အငှားတိုက်စစ်မှူး ဗော့ဗက်ဂ်ဟော့စ်တို့ကိုသာ အားကိုးနေရပါတယ်။ ဒါပေမယ့် နယ်သာလန်သားကြီးဟာ နွေရာသီမှာ စူပါစတားတိုက်စစ်မှူးတစ်ဦးကို ခေါ်ယူပြီး ယူနိုက်တက်ကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားနေပါတယ်။ 

La Gazzetta dello Sport ရဲ့အဆိုအရတော့ နာပိုလီဟာ ၂၄ နှစ်အရွယ် တိုက်စစ်မှူးအတွက် အနည်းဆုံး ပေါင် ၁၀၇ သန်းထိ တောင်းဆိုနိုင်တာကြောင့် ယူနိုက်တက်အနေနဲ့ ဒီပမာဏကို မဖြစ်မနေ ပေးချေဖို့ လိုတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဇန်နဝါရီမှာ ငွေသုံးကြမ်းထားတဲ့ တော့ဒ်ဘိုလီရဲ့ ချဲလ်ဆီးကလည်း နွေရာသီမှာပါ နောက်ထပ်ငွေကြေးအများအပြားသုံးစွဲပြီး အိုစီမန်ကို ယူနိုက်တက်အပြိုင် ခေါ်ယူဖို့ကြိုးစားလာဖွယ် ရှိနေပါတယ်။ 

ချဲလ်ဆီးအသင်းဟာ ဇန်နဝါရီမှာ တိုက်စစ်ကစားသမားတွေလည်း ခေါ်ယူထားပေမယ့် လက်ရှိအသင်းရဲ့ နံပါတ် ၉ နေရာမှာတော့ ကွင်းလယ်တိုက်စစ် ကစားသမား ကိုင်ဟာဗက်ဇ်ကိုသာ အားကိုးနေရပါတယ်။ ပရီးမီးယားလိဂ်ဆုဖလား လမ်းကြောင်းမှာရှိနေတဲ့ ယူနိုက်တက်ကလည်း ဒဏ်ရာမကြာခဏရတတ်သလို ဒီရာသီ အဓိကတိုက်စစ်မှူးအဖြစ် ကစားနေရတာတောင် ထင်သလောက် ခြေစွမ်းမပြနိုင်တဲ့ အန်တိုနီမာရှယ်ကိုလည်း နွေရာသီမှာ အသင်းကနေ ထွက်ခွာခွင့်ပေးသွားဖွယ်ရှိကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ 

ယူနိုက်တက်ဟာ နည်းပြတန်ဟတ်ရဲ့ ပွဲဦးထွက်ရာသီမှာ ခြေစွမ်းပြသနိုင်ခဲ့ပြီး လက်ရှိပြည်တွင်း အမှတ်ပေးဇယားမှာ ဒုတိယနေရာက လက်ရှိချန်ပီယံ မန်စီးတီးနဲ့ ၃ မှတ်အကွာ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။ မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့ ဂိုးသွင်းနှုန်းမှန်နေလို့သာ ယူနိုက်တက်တို့ဒီရာသီမှာ အခြေအနေကောင်းနေတာဖြစ်ပြီး နွေရာသီမှာတော့ သေချာပေါက် ကမ္ဘာ့အဆင့်မီ တိုက်စစ်မှူးတစ်ဦး ခေါ်ယူမှာပါ။ 

အိုဆီမန်အပြင် တော့တင်ဟမ်နဲ့အင်္ဂလန်အသင်းခေါင်းဆောင်တိုက်စစ်မှူး ဟယ်ရီကိန်းကိုလည်း စိတ်ဝင်စားနေပေမယ့် ပရီးမီးယားလိဂ်ပြိုင်ဘက်တွေဆီကိုတော့ တော့တင်ဟမ်က ရောင်းချမှာမဟုတ်ပါဘူး။

#မန်ချက်စတာယူနိုက်တက် #နာပိုလီ #အိုဆီမန်