ရှေ့သို့
Image

ကွန်ဒီရဲ့ ပြစ်ဒဏ်ကျူးလွန်မှုအပေါ် အရေးမယူတဲ့ ဆုံးဖြတ်ချက်က စိတ်ရှုပ်စေတယ်လို့ ရက်ရှ်ဖို့ဒ် ဝေဖန်

11:01 AM, 17 February

ဒီနေ့မနက်ပိုင်းကစားခဲ့တဲ့ ယူရိုပါလိဂ် ရှုံးထွက်ပထမအကျော့ပွဲစဉ်အတွင်း သူ့အပေါ် ဘာစီလိုနာ ခံစစ်မှူး ကွန်ဒီရဲ့ ပြစ်ဒဏ်ကျူးလွန်မှုကို အရေးမယူဖို့ ဆုံးဖြတ်ခဲ့မှုက စိတ်ရှုပ်စရာပဲလို့ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က ဝေဖန်ပြောဆိုလိုက်ပါတယ်။

ဒီပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အတွက် ပထမချေပဂိုး သွင်းယူပေးခဲ့တဲ့ ရက်ရှ်ဖို့ဒ်က အခုရာသီကလပ်သွင်းဂိုး ၂၂ ဂိုး အထိ ရှိလာခဲ့ပြီး သူ့ရဲ့တစ်ရာသီအတွင်း သွင်းဂိုးအများဆုံးစံချိန်ကို လိုက်မှီခဲ့ပါတယ်။ နူကမ့်ကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ အခုပွဲစဉ်က အပြန်အလှန်ထိုးဖောက်မှုတွေနဲ့ ကြည့်ကောင်းခဲ့ပြီး တစ်ဖက်နှစ်ဂိုးသရေရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။

ပွဲစဉ်အပြီးမှာ အငြင်းပွားဖွယ်ရာအချို့လည်း ကျန်ရှိခဲ့ပါတယ်။ ပွဲချိန်အတွင်း ရက်ရှ်ဖို့ဒ်ရဲ့ တစ်ကိုယ်တော်ထိုးဖောက်ကန်သွင်းဖို့ ကြိုးစားမှုအပေါ် ပြင်းပြင်းထန်ထန်ဖျက်ထုတ်ခဲ့တဲ့ ကွန်ဒီကို ယူနိုက်တက်နည်းပြ တန်ဟတ်က အနီကတ်ပြထုတ်ပယ်ဖို့တောင်းဆိုခဲ့ပေမယ့် ကွင်းလယ်ဒိုင်ကတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ တစုံတရာအရေးယူခဲ့တာမျိုး မရှိပါဘူး။

ဘာစီလိုနာနဲ့ အဝေးကွင်းမှာရင်ဆိုင်ရတဲ့ပွဲစဉ်အတွင်း အသင်းရဲ့စွမ်းဆောင်ရည်အပေါ် ကျေနပ်အားရနေတဲ့ ရက်ရှ်ဖို့ဒ်က “ကျွန်တော်တို့ ပွဲကို အကောင်းဆုံးစတင်ခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာကလည်း ကောင်းမွန်ခဲ့ပါတယ်။
ပထမပိုင်းပွဲချိန်မှာ စိတ်လှုပ်ရှားစရာအခိုက်အတန့်တွေရှိခဲ့ပေမယ့် အပိုင်အခွင့်အရေး အများကြီးတော့ မရရှိခဲ့ပါဘူး။ အခုလိုကောင်းမွန်တဲ့ အခိုက်အတန့်တွေကသာ ကျွန်တော်တွေးထားတဲ့ အခွင့်အရေးကြီးတွေ ဖြစ်လာနိုင်တာပါ။ ပထမပိုင်း ပွဲအစမိနစ်တွေမှာပဲ ဂိုးရှေ့ဆီ ဖြတ်တင်ဘောတွေ ပေးပို့နိုင်ခဲ့တာက ကြီးမားတဲ့အခွင့်အရေးတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဂိုးရှေ့မှာ ပိတ်သွင်းယူမယ့် ကစားသမားရှိမနေခဲ့လို့ ဂိုးသွင်းယူနိုင်မယ့် အခွင့်အရေးကောင်းတစ်ခုတော့ ဖြစ်မလာခဲ့ဘူး။ ဒါက ကျွန်တော်တို့အတွက် ကြီးမားတဲ့အခွင့်အလမ်းတစ်ခု ဖြစ်ခဲ့ပါတယ်”

“ကျွန်တော်တို့အသင်း အနေနဲ့ ပြိုင်ဘက်ဂိုးပေါက်ရှေ့မှာ အဆုံးသတ်ဂိုးသွင်းယူနိုင်ဖို့ ပိုပြီး စွန့်စားရပါလိမ့်မယ်။ မှန်ပါတယ်။ ပွဲကြီးပွဲကောင်းတွေမှာ ရလဒ်ပိုင်းကို ခြားနားသွားစေမယ့် အခွင့်အလမ်းကြီးတွေ ရှိပါတယ်။ အထူးသဖြင့် ဒုတိယပိုင်း ပွဲချိန်တွေမှာ ကျွန်တော်တို့ အခွင့်အရေးတွေ ယူနိုင်ခဲ့ပေမယ့် ပထမပိုင်းပွဲချိန်တွေမှာတော့ ဒီထက်ပိုပြီး လုပ်နိုင်ခဲ့သင့်တယ်လို့ ကျွန်တော်ယူဆမိပါတယ်။ ကျွန်တော်ပြောခဲ့သလိုပါပဲ၊ သူတို့က ထိပ်တန်းအသင်းတစ်ခုဖြစ်သလို ဒီနေ့ပွဲစဉ်အတွက် သူတို့ပြင်ဆင်လာပုံက ကျွန်တော်တို့ ခန့်မှန်းထားသလို ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့အသင်းကလည်း ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပြီး ဒီစွမ်းဆောင်ရည်ကို ထိန်းသိမ်းကာ ရှေ့ဆက်ပိုတိုးတက်လာဖို့ လုပ်ဆောင်သွားရပါမယ်”လို့ ရှင်းပြခဲ့ပါတယ်။

ကွန်ဒီရဲ့ဖျက်ထုတ်မှုနဲ့စပ်လျဉ်းပြီး ရက်ရှ်ဖို့ဒ်က “၂-၁ ဂိုးလိုအနေအထားမှာ ကွင်းလယ်ဒိုင်က ဒီအဖြစ်အပျက်အပေါ် အခုလိုတွေးတောဆုံးဖြတ်ခဲ့သလဲဆိုတာ ကျွန်တော် နားမလည်နိုင်ပါဘူး။ သူ့ကို ကျော်ဖြတ်နိုင်မယ်ဆိုရင် ကျွန်တော်က ဂိုးသမားနဲ့ တစ်ယောက်ချင်း ရင်ဆိုင်ကန်သွင်းခွင့်ရမှာ ဖြစ်လို့ ကျွန်တော့်အနေနဲ့ ဘာအကြောင်းနဲ့မှ လဲချလိုက်စရာ မလိုပါဘူး။ ဒီဆုံးဖြတ်ချက်ကတော့ စိတ်ပျက်စရာပါ။ ဒါပေမယ့် အခုချိန်မှာ ကျွန်တော်တို့က ရှေ့ဆက်ရမှာဖြစ်ပြီး နှစ်ဂိုးစီ သရေဆိုတဲ့ရလဒ်ကိုလည်း ကျွန်တော်တို့ ရယူနိုင်ခဲ့ပါတယ်။ အခုလိုစွမ်းဆောင်ရည်မျိုးကို ကျွန်တော်တို့ အတိအကျရယူနိုင်ခဲ့ပြီး ကြားထဲမှာ လိဂ်ပွဲတစ်ပွဲ ကစားရဖို့ရှိပေမယ့် လာမယ့်ဒုတိယအကျော့ပွဲစဉ်မှာ ဒီလိုစွမ်းဆောင်ရည်မျိုးကို ဆက်လက်ပြသနိုင်ဖို့ အစွမ်းကုန်ကြိုးစားသွားမှာပါ” လို့ ဆက်ပြောခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရက်ရှ်ဖို့ဒ် #ယူရိုပါလိဂ် #ကွန်ဒီ