ရှေ့သို့
Image

အမှတ်ပေးပွဲစဉ်မှာ ဂိုးသွင်းပြီးနောက် အက်ဆုအတွက် ဆုတောင်းပေးခဲ့တဲ့ ဂါနာအသင်းဖော် ကူဒက်စ်

4:38 PM, 20 February

စပါတာရိုတာဒမ်ကို လေးဂိုးပြတ် အနိုင်ရရှိတဲ့ပွဲစဉ်မှာ အေဂျက်စ်အတွက် စတုတ္ထမြောက်သွင်းဂိုးကို ဖရီးကစ်မှတဆင့် တိုက်ရိုက်ကန်သွင်းပြီးနောက် ဂါနာလက်ရွေးစင်ကစားသမား ကူဒက်စ်က ဆုံးပါးသွားပြီဖြစ်တဲ့ လက်ရွေးစင်အသင်းဖော် အက်ဆုအတွက် ဆုတောင်းပေးခဲ့ပါတယ်။ အခုလအစောပိုင်း၊ တူရကီနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် ဂါနာလက်ရွေးစင်တိုက်စစ်မှူး၊ တူရကီစူပါလိဂ်ကလပ် Hatayspor ကစားသမား အက်ဆုဟာ အသက်ဆုံးပါးခဲ့ရပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ ချဲလ်ဆီး၊ နယူူးကာဆယ်ကစားသမားဟောင်းရဲ့ ရုပ်အလောင်းကို မိခင်နိုင်ငံဂါနာဆီ ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ နယ်သာလန် အမှတ်ပေးပွဲစဉ်အဖြစ် အေဂျက်စ်နဲ့ စပါတာရိုတာဒမ်တို့ရဲ့ ပွဲစဉ်မှာ အေဂျက်စ်ကစားသမား ကူဒက်စ်က အသင်းအတွက် သွင်းဂိုးရယူပြီးနောက် အောင်ပွဲခံရာမှာ အက်ဆုအတွက် ဆုတောင်းစကားကို ဖော်ပြခဲ့ပါတယ်။

ဂိုးသွင်းယူပြီးနောက် ကူဒက်စ်က သူ့ရဲ့ဂျာစီအင်္ကျီကိုမတင်ကာ ‘R.I.P Atsu’ လို့ ရေးသားထားတဲ့ အောက်ခံတီရှပ်နဲ့အတူ လက်ရွေးစင်အသင်းဖော်ဟောင်းအတွက် ဆုတောင်းပေးခဲ့တာပါ။ အက်ဆုရဲ့အသင်းဟောင်းတွေဖြစ်တဲ့ ချဲလ်ဆီး၊ နယူးကာဆယ်တို့ကလည်း သူတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေ မစတင်မီ အက်ဆုအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် အဖြစ် အချိန်အနည်းငယ် ငြိမ်သက်ဆုတောင်းပေးခဲ့ပါတယ်။

အက်ဆုနဲ့ပတ်သက်လို့ နယူးကာဆယ်နည်းပြဟောင်း ဘင်နီတက်ဇ်က “အက်ဆုက အရမ်းကောင်းတဲ့ လူသားတစ်ဦးဖြစ်တာကြောင့် သူကို ဆုံးရှုံးရမှုက တကယ့်ကိုဝမ်းနည်းစရာပါပဲ။ ပရော်ဖက်ရှင်နယ်ပီသသူလည်း ဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ သူက ကစားသမားကောင်းတစ်ယောက်လားဆိုတာကို ဆွေးနွေးနေတာ မဟုတ်ပါဘူး။ သူက ချစ်စရာကောင်းတဲ့ ကစားသမားကောင်းတစ်ယောက်ပါ။ ပွဲကစားရတာပဲဖြစ်ဖြစ်၊ မကစားရတာပဲဖြစ်ဖြစ် အမြဲတမ်းပြုံးရွှင်နေသူလည်း ဖြစ်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။

ချဲလ်ဆီးကလည်း Twitter လူမှုကွန်ရက်မှတဆင့် “ကျွန်တော်တို့အသင်းမှာရှိနေသူတိုင်းက  အသင်း ကစားသမားဟောင်း အက်ဆုဆုံးပါးသွားမှုနဲ့ ပတ်သက်လို့ အလွန်စိတ်မကောင်းဖြစ်ရပါတယ်။ အသင်းဟာ ကျန်ရစ်သူမိသားစုနဲ့အတူ ထပ်တူထပ်မျှ ရှိနေပါတယ်”လို့ ရေးသားထုတ်ပြန်ခဲ့ပါတယ်။

#ဂါနာ #ကူဒက်စ် #ခရစ္စတီယန်အက်ဆု