ရှေ့သို့
Image

ပရီးမီးယားလိဂ်ရဲ့လစာအများဆုံး ကစားသမားဖြစ်လာဖွယ်ရှိတဲ့ ဟာလန်း

11:45 AM, 26 March

မန်ချက်စတာစီးတီးအသင်းတာဝန်ရှိသူတွေက အသင်းရဲ့အားထားရတဲ့တိုက်စစ်မှူးဟာလန်းကို အလွန်ကြီးမားတဲ့ လုပ်ခလစာပမာဏနဲ့ စာချုပ်သစ်တစ်ရပ်ကမ်းလှမ်းဖွယ်ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြလာပါတယ်။

နော်ဝေလက်ရွေးစင်တိုက်စစ်မှူးက အခုဘောလုံးရာသီမှာ အသင်းအတွက် ၄၂ ဂိုးအထိ သွင်းယူပေးထားပြီး မန်စီးတီးကလည်း လက်ရှိမှာ ဖလားသုံးလုံးပြေးလမ်းပေါ် လျှောက်လှမ်းနေဆဲဖြစ်ပါတယ်။ဟာလန်းရဲ့ အံ့မခန်းဂိုးသွင်းစွမ်းရည်က ဥရောပထိပ်သီးရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ရီးရဲလ်မက်ဒရစ်က ၂၀၂၄ ခုနှစ်နွေရာသီမှာ ဒီကစားသမားကို စပိန်မြေဆီ အရောက်ခေါ်ယူနိုင်ရေး ကြိုးပမ်းလာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါပေမယ့် The Sun သတင်းဌာနရဲ့သတင်းတစ်ခုမှာတော့ မန်ချက်စတာစီးတီးတာဝန်ရှိသူတွေက လာမယ့်နွေရာသီမှာ ဟာလန်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှာဖြစ်ပြီး စာချုပ်သက်တမ်းတိုးနိုင်ခဲ့မယ်ဆိုရင် ဟာလန်းဟာ ပရီးမီးယားလိဂ်မှာ တစ်ပတ်လုပ်ခလစာ ပေါင်ငါးသိန်းရရှိတဲ့ ပထမဆုံးကစားသမားဖြစ်လာဖွယ် ရှိနေတယ်လို့ သိရပါတယ်။

အသက်-၂၂ နှစ်အရွယ်တိုက်စစ်မှူးရဲ့လက်ရှိစာချုပ်သက်တမ်းက ၂၀၂၇ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ ဒါပေမယ့် မန်စီးတီးတာဝန်ရှိသူတွေက ရီးရဲလ်မက်ဒရစ်ရဲ့စိတ်ဝင်စားမှုတွေရှိနေတဲ့ ဟာလန်းကို ဆက်လက်ထိန်းသိမ်နိုင်ဖို့ လက်ရှိစာချုပ်ပါအချက်အလက်တွေအရ စာချုပ်ကို တစ်နှစ်သက်တမ်းတိုးသွားမယ်လို့ သိရပါတယ်။ လက်ရှိမှာ ဟာလန်းက တစ်ပတ်လုပ်ခလစာ ပေါင် ၃၇၅,၀၀၀ ရရှိနေပြီး ဒီလစာပမာဏကြောင့် ဟာလန်းက အသင်းဖော်ဒီဘရိုင်း၊ မန်ချက်စတာယူနိုက်တက်ဂိုးသမားဒီဂီယာတို့နဲ့အတူ ပရီးမီးယားလိဂ်ရဲ့လုပ်ခလစာအများဆုံး ကစားသမားစာရင်းမှာ ပါဝင်နေပါတယ်။
ဟာလန်းနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေအဆိုအရ  မန်စီးတီးအနေနဲ့ ဟာလန်းကို လက်မလွှတ်ရဖို့ တစ်ပတ်လုပ်ခလစာပေါင်ငါးသိန်းပေးချေဖို့ ဆန္ဒရှိနေတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် မန်စီးတီးက ဟာလန်းကို ကလပ်မှာပဲ ရေရှည်ဆက်ရှိနေအောင် ဆွဲဆောင်မှုတစ်ခုအဖြစ် သူ့ရဲ့အသင်းဖော်ဟောင်းဘယ်လင်ဟမ်ကို မန်ချက်စတာမြေဆီ အရောက်ခေါ်ယူနိုင်အောင် ကြိုးပမ်းသွားဖို့ ရှိနေပါတယ်။

လက်ရှိမှာတော့ ဟာလန်းက ပေါင်ခြံဒဏ်ရာပြဿနာကြောင့် ယူရို-၂၀၂၄ခြေစစ်ပွဲကစားမယ့် နော်ဝေလက်ရွေးစင်လူစာရင်းမှ နုတ်ထွက်ထားရပါတယ်။ ဒီဒဏ်ရာကြောင့် ဟာလန်းဟာ လာမယ့်စနေနေ့၊အိမ်ကွင်းမှာ လီဗာပူးကို ဧည့်ခံကစားရမယ့်ပွဲစဉ်ကို ပါဝင်နိုင်မှုရှိ၊မရှိအပေါ် ဆက်လက်စောင့်ကြည့်သွားရပါမယ်လို့ ဟာလန်းရဲ့ဖခင် အယ်လ်ဖီက ဆိုပါတယ်။

နောက်ဆုံးနှစ်ပွဲဆက်ရှစ်ဂိုးအထိသွင်းယူထားနိုင်တဲ့ ဟာလန်းအတွက် ဒီဒဏ်ရာက ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုဖြစ်လာခဲ့ပါတယ်။

#မန်စီးတီး #ဟာလန်း #ပရီးမီးယားလိဂ်