ရှေ့သို့
Image

အာဂျင်တီးနားအသင်း လေ့ကျင့်ရေးကွင်းကို လီယွန်နယ်မက်ဆီကွင်းလို့ အမည်ပြောင်းလဲကာ ဂုဏ်ပြု

11:58 AM, 26 March

၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားဆွတ်ခူးနိုင်အောင် အကောင်းဆုံးဦးဆောင်ပေးခဲ့တဲ့ မက်ဆီကို ဂုဏ်ပြုသောအားဖြင့် အာဂျင်တီနား ဘောလုံးအဖွဲ့ချုပ်က အသင်းရဲ့လေ့ကျင့်ရေးကွင်းကို လီယွန်နယ်မက်ဆီကွင်းလို့ အမည်ပြောင်းလဲခဲ့ပါတယ်။ အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရိစ်မြို့ရှိ အာဂျင်တီးနားလက်ရွေးစင်အသင်းလေ့ကျင့်ရေးကွင်းဖြစ်တဲ့ Casa de Ezeiza ကို အခုအခါမှာ လီယွန်နယ်မက်ဆီကွင်းအဖြစ် ပြောင်းလဲခေါ်ဝေါ်ရမှာဖြစ်ပါတယ်။

အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌတာပီယာက " ကျွန်တော်တို့ Casa de Ezeiza ကွင်းရဲ့ သမိုင်းဝင်နေ့ရက်တစ်ခုပါပဲ။ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတစ်ဦးကို ဂုဏ်ပြုသောအားဖြင့် ဒီနေ့ဒီအချိန်ကစပြီး ဒီဘောလုံးကွင်းကို လီယွန်နယ်မက်ဆီကွင်းအဖြစ် အမည်ပြောင်းလဲသတ်မှတ်ခဲ့ပါပြီ။ အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်နဲ့အတူ ရှိနေပေးခဲ့တဲ့ ဝန်ထမ်းတွေ၊ ကစားသမားတွေနဲ့ နည်းပြတွေအကုန်လုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်"လို့ ဆိုပါတယ်။

ဂန္တဝင်ကစားသမားဒီယေဂိုမာရာဒိုနာရဲ့ဦးဆောင်မှုနဲ့ ၁၉၈၆ ခုနှစ်ကမ္ဘာ့ဖလားချန်ပီယံဆုရယူပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့နှစ်၊ ကာတာနိုင်ငံမှာကျင်းပတဲ့ပြိုင်ပွဲမှာ မက်ဆီဦးဆောင်တဲ့အာဂျင်တီးနားက ကမ္ဘာ့ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။ အခုအောင်ပွဲဟာ အာဂျင်တီးနားဘောလုံးသမိုင်းတလျှောက် သုံးကြိမ်မြောက်ကမ္ဘာ့ဖလားချန်ပီယံအောင်ပွဲလည်း ဖြစ်လာခဲ့ပါတယ်။

အခုလိုဂုဏ်ပြုပေးခဲ့မှုအပေါ် မက်ဆီက Instagram လူမှုကွန်ရက်မှတဆင့် " အခုလိုဂုဏ်ပြုပေးခဲ့မှုက ကျွန်တော်ရရှိခဲ့ဖူးသမျှ အကောင်းဆုံးအရာတွေအနက် တစ်ခုဖြစ်ပါတယ်။ အရမ်းဂုဏ်ယူမိသလို အရမ်းလည်း ကျေးဇူးတင်ပါတယ်"လို့ ရေးသားတုံ့ပြန်ခဲ့ပါတယ်။

#အာဂျင်တီးနား #မက်ဆီ