ရှေ့သို့
Image

လာပေါ်တီကို ပရီးမီးယားလိဂ် ပြိုင်ဘက်တွေထံ ရောင်းချမှာ မဟုတ်တဲ့ မန်စီးတီး

2:50 PM, 29 March

မန်ချက်စတာစီးတီးအသင်းဟာ ခံစစ်မှူးအေမာရစ်လာပေါ်တေးကို ဒီနွေရာသီမှာ ပရီးမီးယားလိဂ် ပြိုင်ဘက်တွေဆီကို ရောင်းချမှာ မဟုတ်ဘူးလို့ သိရပါတယ်။

၂၈ နှစ်အရွယ် ကစားသမားဟာ ဘီလ်ဘာအိုကနေ ၂၀၁၈ မှာ ပြောင်းရွှေ့လာခဲ့ပြီးနောက် စီးတီးအတွက် ပြိုင်ပွဲစုံ ၁၇၁ ပွဲထိ ကစားပေးခဲ့ပြီး ပရီးမီးယားလိဂ် ၄ ကြိမ်အပါအဝင် ဆုဖလား ၈ လုံးထိ ရရှိထားပါတယ်။ ဒါပေမယ့် လာပေါ်တီဟာ ဒီရာသီမှာတော့ နည်းပြ ပက်ဂွာဒီယိုလာရဲ့အသင်းမှာ အလှည့်ကျအနေနဲ့သာ ကစားခွင့်ရရှိနေပြီး ပရီးမီးယားလိဂ်မှာ ၆ ပွဲသာ ပွဲထွက်ကစားခွင့် ရရှိထားပါတယ်။

ဂျွန်စတုန်း၊ ရူဘင်ဒီရက်ဇ်၊ မန်နျူရယ်အကန်ဂျီနဲ့ နာသန်အကီတို့ဟာ နည်းပြဂွာဒီယိုလာရဲ့ အဓိကဗဟိုနောက်ခံလူတွေ ဖြစ်လာတာကြောင့် ၂၀၂၃-၂၄ ရာသီမတိုင်မီ အပြောင်းအလဲတစ်ခုကို စတင်ဖို့စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ စပိန်လက်ရွေးစင်ဟာ ဒီနွေရာသီမှာ အီတီဟတ်ကနေ ထွက်ခွာဖို့ သေချာသလောက်ဖြစ်နေပြီး ဥရောပအသင်းကြီး အတော်များများက ကစားသမားကို ခေါ်ယူဖို့အတွက် ကြိုးစားနေကြပါတယ်။

ဘဏ္ဍာရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာကလည်း လာပေါ်တီကို ခေါ်ယူဖို့စိတ်ဝင်စားနေသလို ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်နဲ့ ရိုးမားတို့ကလည်း စီးတီးနဲ့ ကစားသမားရဲ့ အခြေအနေကို ဆက်တိုက်စောင့်ကြည့်လျက်ရှိပါတယ်။ နောက်ဆုံးရသတင်းတွေအရလည်း တော့တင်ဟမ်ကပါ လာပေါ်တီလုပွဲထဲကို ဝင်ရောက်လာတယ်လို့ သိရပါတယ်။ ဒါပေမယ့် မန်စီးတီးက စပိန်သားကို ပြည်တွင်းကလပ်တွေဆီ ရောင်းထုတ်လိုက်ရင် ပြိုင်ဘက်ကို ပိုအားကောင်းသွားစေနိုင်တာကြောင့် ပရီးမီးယားလိဂ်ကလပ်တွေကိုတော့ ထည့်စဉ်းစားမှာ မဟုတ်ပါဘူးလို့ Football Insider က ဖော်ပြသွားခဲ့ပါတယ်။ ဒီသတင်းကြောင့် လာပေါ်တီကို စိတ်ဝင်စားတဲ့ တော့တင်ဟမ်အတွက်တော့ ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်သွားခဲ့ပါတယ်။

လာပေါ်တီအတွက်လည်း ပြည်ပအသင်းတွေကို ပြောင်းရွှေ့တာက ပိုပြီဖြစ်နိုင်ခြေများပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘီလ်ဘာအို အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့ပြီး ပထမအသင်းမှာပါ နေရာရခဲ့သူဖြစ်ပါတယ်။ ၈ နှစ်ကြာ စပိန်ကလပ်မှာ ကစားခဲ့သူဖြစ်လို့ စပိန်ကို ပြန်လည် ပြောင်းရွှေ့နိုင်ခြေကတော့ အများဆုံးဖြစ်နေပါတယ်။ လာပေါ်တေးဟာ ၂၀၂၅ နွေရာသီအထိ အီတီဟတ်မှာ စာချုပ်သက်တမ်းရှိနေတာကြောင့် စီးတီးအနေနဲ့ ယူရိုသန်း ၄၀ (ပေါင် ၃၅.၆ သန်း) ဝန်းကျင်တောင်းဆိုဖွယ် ရှိပါတယ်။

လာပေါ်တီထွက်ဖို့ သေချာသလောက်ရှိနေတာကြောင့် တစ်ဖက်မှာလည်း မန်စီးတီးက လိုက်ပ်ဇစ်ကြယ်ပွင့် ဂျိုစ်ကိုဂျီဗာဒီအောကို နွေရာသီပစ်မှတ်တစ်ခုအနေနဲ့ သတ်မှတ်ထားပါတယ်။ ၂၁ နှစ်အရွယ် နောက်ခံလူဟာ ဥရောပရဲ့ အတောက်ပဆုံး လူငယ်နောက်ခံလူတစ်ဦးဖြစ်ပြီး မန်စီးတီးအပြင် မန်ချက်စတာယူနိုက်တက်၊ လီဗာပူး၊ ချဲလ်ဆီးတို့နဲ့လည်း သတင်းတွေ ထွက်ပေါ်နေသူ ဖြစ်ပါတယ်။

စီးတီးဟာ နောက်ထပ်ခရိုအေရှား လူငယ်ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ လူကာဗူစကိုဗစ်ကိုလည်း စိတ်ဝင်စားလျက်ရှိပြီး ၁၆ နှစ်အရွယ် ဟာဂျ်ဒက်စပလစ်ဗဟိုခံစစ်မှူးလေးအတွက်ကို ယူရို ၁၂ သန်း (ပေါင် ၁၀.၅ သန်း) ခန့် အသုံးပြုရဖွယ် ရှိပါတယ်။

#မန်စီးတီး #လာပေါ်တီ #ပရီးမီးယားလိဂ်