ရှေ့သို့
Image

စီးပွားရေးလုပ်ငန်းစုတွေနဲ့ အမျိုးသမီးအသင်းပေါ်တွင် မူတည်နေတဲ့ ဂရင်းဝုဒ်ရဲ့ အို့ထရက်ဖို့ဒ် အနာဂတ်

12:50 PM, 31 May

ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ပုံစံကောင်းအချို့ ပြန်လည်ပြသကာ အမှတ်ပေးဇယားအဆင့် ၃နေရာတွင် ရပ်တည်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရရန် စွမ်းဆောင်လာနိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းက တိုက်စစ်ပိုင်းအတွက် ပြင်ဆင်နေချိန် အမှုမှ လွတ်လာပေမဲ့ ပွဲကစားခွင့်ဆိုင်းငံ့ခံထားရတဲ့ ဂရင်းဝုဒ်ရဲ့ အနာဂတ်က စပွန်ဆာ စီးပွားရေးအင်အားစုတွေနဲ့ အမျိုးသမီးအသင်းအပေါ်တွင် မူတည်နေတာပဲ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ခြေစွမ်းပြကစားရင်း သွင်းဂိုးတွေ ဆက်တိုက် သွင်းယူပေးထားနိုင်ခဲ့တာကြောင့် သရဲနီပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှု ရခဲ့တဲ့ ဂရင်းဝုဒ်အဖြေင့် ၂၀၂၂ခုနှစ် ဇန်နဝါရီလတွင် အဖမ်းဆီးခံခဲ့ရပြီး တစ်နှစ်အကြာ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလတွင် ဗြိတိန်တော်ဝင် ရဲတပ်ဖွဲ့မှ တရားဝင် လွတ်မြောက်စေခဲ့တာဖြစ်ပါတယ်။

ဂရင်းဝုဒ်က ယူနိုက်တက်အသင်းကြီးနဲ့ အတူ ကစားခွင့်ရထားခဲ့တဲ့ ၂ရာသီခွဲအတွင်း ပရီးမီးယားလိဂ်ပွဲပေါင်း ၈၃ပွဲအထိ ပါဝင်ကစားခွင့်ရခဲ့ကာ သွင်းဂိုး ၂၂ဂိုး သွင်းယူပေးနိုင်ခဲ့အပြီးမှာ အဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းက ဝက်စ်ဟမ်း အသင်းကို ၁ဂိုး - ဝဂိုး ရလဒ်ဖြင့် အနိုင်ရခဲ့တဲ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလမှ စကာ မြက်ခင်းစိမ်းတွေနဲ့ ဝေးကွာနေခဲ့ရတဲ့ ဂရင်းဝုဒ်အနေဖြင့် ၂၀၂၁ခုနှစ်မှာ တိုးမြှင့်ချုပ်ဆိုထားတဲ့ စာချုပ်ပါအရ ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်နေပြီး တစ်ပတ်လုပ်ခ ပေါင် ၇၅၀၀၀ ရနေတာပဲ ဖြစ်ပါတယ်။

နာမည်ကျော် သတင်းဌာနတစ်ခုဖြစ်တဲ့ The Mirror သတင်းဌာနရဲ့ ဖော်ပြချက်အရ ယူနိုက်တက်အသင်း အနေဖြင့် တိုက်စစ်ပိုင်းအတွက် ဂရင်းဝုဒ်အား ပြန်လည် ပွဲထုတ်နိုင်ရေး အဓိက အခန်းကဏ္ဍကပါဝင်နေတဲ့ စပွန်ဆာလုပ်ငန်းရှင်များနဲ့ အမျိုးသမီးအသင်းရဲ့ သဘောထားအမြင်များကို ပွင့်လင်းစွာ တောင်းခံသွားရန် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

ကလပ်အသင်းအကြားမှာ သဘောထားဆွေးနွးမှုအချို့ပြုလုပ်ပြီးပါက ယူနိုက်တက်အသင်းရဲ့ ပိုင်ရှင်တွေဖြစ်တဲ့ ဂလေမိသားစုနဲ့ အမှုဆောင်ချုပ်ဖြစ်သူ ရစ်ချက်အာနိုးလ်တို့အနေဖြင့် ကစားသမားရဲ့ အို့ထရက်ဖို့ဒ်အနာဂတ်နဲ့ ပတ်သက်ပြီး ရွေးချယ်လုပ်ဆောင်သွားမှာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဂရင်းဝုဒ် #ပရီးမီးယားလိဂ်