ရှေ့သို့
Image

ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ဆီဗီလာကို ရိုးမားတို့ အနိုင်ယူနိုင်မယ်လို့ ယုံကြည်နေတဲ့ အန်ဆယ်လော့တီ

3:01 PM, 31 May

ဒီနေ့ညပိုင်း ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ဆီဗီလာကို ရိုးမားတို့ အနိုင်ယူကာ ဆုဖလား ဆွတ်ခူးနိုင်မယ်လို့ ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက ယုံကြည်နေပါတယ်။

မော်ရင်ဟိုရဲ့အသင်းက ဟန်ဂေရီနိုင်ငံ၊ ဘူဒါပတ်မြို့၊ ပွတ်ရှ်ကပ်ဘောလုံးကွင်းကြီးထဲမှာ စပိန်လာလီဂါကလပ်နဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲဆင်နွှဲရဖု့ိ ရှိနေပါတယ်။ ရိုးမား ကွင်းလယ်လူဟောင်းဖြစ်တဲ့ အန်ဆယ်လော့တီကတော့ ဒီနေ့ညပိုင်းပွဲစဉ်အတွင်း ရောမအခြေစိုက်ကလပ်မှာလည်း ဆုဖလားကိုင်မြှောက်နိုင်ဖို့ အခွင့်အလမ်းတွေ ပိုင်ဆိုင်ထားတယ်လို့ သုံးသပ်လိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ်နည်းပြကြီးက ရိုးမားအသင်းရဲ့ဒုတိယမြောက်စီးရီးအေ ချန်ပီယံဆုဆွတ်ခူးနိုင်ခြင်း နှစ် ၄၀ ပြည့် အခမ်းအနားဆီ တက်ရောက်လာစဉ် Corriere dello Sport သတင်းဌာနနဲ့တွေ့ဆုံချိန် အခုလို ပြောကြားလိုက်တာပါ။

အီတလီလူမျိုးနည်းပြကြီးက “ခက်ခဲတဲ့အခိုက်အတန့်တစ်ခုကို ဖြတ်သန်းခဲ့ပြီးနောက် ဆီဗီလာက ပြီးခဲ့တဲ့နှစ်လအတွင်း အကောင်းဆုံးလုပ်ဆောင်ပြနိုင်ခဲ့ပါတယ်။ ဆီဗီလာက နည်းပြသစ်တစ်ဦးနဲ့အတူ စုစည်းမှုကောင်းမွန်တဲ့ အသင်းဖြစ်ပါတယ်။ ဒါပေမယ့် ရိုးမားမှာလည်း အခွင့်အရေးရှိတာပေါ့။ ဒီအသင်းမှာ ဗိုလ်လုပွဲတွေကစားရမှာ အရမ်းကျွမ်းကျင်တဲ့ နည်းပြတစ်ဦးရှိနေလို့ပါ။ ရိုးမား အနိုင်ရမယ်လို့လည်း မျှော်လင့်မိပါတယ်”လို့ ပြောပါတယ်။
အသက်-၆၃ နှစ်အရွယ်နည်းပြကြီးက လက်ရှိရိုးမားအသင်း အနေနဲ့ လာမယ့်နှစ်တွေမှာ အောင်မြင်မှုတွေ ထပ်မံရယူနိုင်ဖို့ လက်ရှိ သူဦးဆောင်နေတဲ့ ရီးရဲလ်မက်ဒရစ်ကို အတုယူသင့်တယ်လို့ အကြံပြုခဲ့ပါတယ်။

“အတိတ်ကာလအောင်မြင်မှုတွေကို လက်ရှိမှာ ပြန်လည်အသုံးချခြင်းက ကလပ်အသင်းတစ်ခုအတွက် ကြီးမားတဲ့ ခွန်အားတစ်ခု ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကတော့ ဒီအတိုင်းပဲ လုပ်ဆောင်နေတာပါ။ ရိုးမားလည်း အခုလိုမျိုးလုပ်ဆောင်နိုင်မယ်ဆိုရင် အနာဂတ်ကာလမှာ အသင်းကောင်းဖြစ်လာပြီးတော့ ဆုဖလားတွေကို နောက်တစ်ကြိမ် ဆွတ်ခူးနိုင်ပါလိမ့်မယ်”လို့ အန်ဆယ်လော့တီက ရှင်းပြပါတယ်။

နည်းပြတစ်ဦးအဖြစ် ဆုဖလားတွေကို အနိုင်ယူချင်နေဆဲလားလို့မေးမြန်းလာမှုအပေါ် အန်ဆယ်လော့တီက “ကျွန်တော် လုပ်နေတယ်။ ဒါပေမယ့် အချိန်အကြာကြီးတော့ မဟုတ်တော့ဘူး”လို့ ပြန်ပြောကာ မကြာမီကာလတစ်ခုအတွင်း ဘောလုံးလောကမှ ထွက်ခွာတော့မယ်လို့ အတည်ပြုခဲ့ပါတယ်။ အန်ဆယ်လော့တီက ရိုးမား အသင်းအတွက် ၁၉၇၉ ခုနှစ်မှ ၁၉၈၇ ခုနှစ်အထိ ၂၂၇ ပွဲကစား၊ ၁၇ ဂိုး သွင်းယူကာ အသင်းနဲ့အတူ စီးရီးအေ အမှတ်ပေးချန်ပီယံဆုတစ်ကြိမ်၊ ကိုပါအီတလီယာဖလား လေးကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

#ရိုးမား #ဆီဗီလာ #အန်ဆယ်လော့တီ #ယူရိုပါလိဂ်