ရှေ့သို့
Image

မော်ရင်ဟိုက ဆီဗီလာအတွက် အခက်ခဲဆုံးပြိုင်ဘက်ဖြစ်လိမ့်မယ်လို့ ယုံကြည်နေတဲ့ မန်ဒီလီဘာ

3:29 PM, 31 May

ဒီနေ့ညပိုင်းယှဉ်ပြိုင် ကစားရမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲအတွင်း ဆီဗီလာတို့အတွက် ပြိုင်ဘက်အသင်းနည်းပြ မော်ရင်ဟိုက အခက်ခဲဆုံးပြိုင်ဘက်ဖြစ်လာလိမ့်မယ်လို့ နည်းပြမန်ဒီလီဘာက ပြောဆိုလိုက်ပါတယ်။

အသင်းသမိုင်းတလျှောက် ယူရိုပါလိဂ်ဗိုလ်လုပွဲ ခြောက်ကြိမ်တက်ရောက်ကာ ခြောက်ကြိမ်လုံး ဗိုလ်စွဲခဲ့တဲ့ ဆီဗီလာက မော်ရင်ဟိုရဲ့အသင်းနဲ့ ဟန်ဂေရီနိုင်ငံ၊ ဘူဒါပတ်မြို့၊ ပွတ်ရှ်ကပ်ဘောလုံးကွင်းကြီးအတွင်း အခုရာသီယူရိုပါလိဂ်ဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားရပါမယ်။ ဒီပွဲစဉ်မတိုင်ခင် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲအတွင်း ဆီဗီလာနည်းပြမန်ဒီလီဘာက နည်းပြ မော်ရင်ဟို ဦးဆောင်တဲ့ ရိုးမားဟာ သူ့အသင်းအတွက် အခက်ခဲဆုံးစိန်ခေါ်မှု ဖြစ်လာလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။

“မော်ရင်ဟိုက အခက်ခဲဆုံးပြိုင်ဘက်ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူက ဗိုလ်လုပွဲဆီ တက်ရောက်နိုင်ခဲ့တာပါ။ ကျွန်တော်တို့အတွက် အားသားချက်(သို့)အားနည်ချက်ဆိုတာ မရှိပါဘူး။ အမှားအနည်းဆုံးအသင်းကသာ အောင်ပွဲရယူနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ ဘယ်လို ကစားရမလဲဆိုတာနဲ့ သူတို့ ဘယ်လိုကစားတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော့်ရဲ့အကြံကတော့ ရှင်းပါတယ်။ ဘာအပြောင်းအလဲမှ လုပ်စရာမလိုပါဘူး။ ရိုးမားက ခံစစ်ပိုင်းမှာ အရမ်းမာကျောတဲ့ အသင်းဖြစ်ပြီး ဂိုးသွင်းယူနိုင်ဖို့လည်း အခွင့်အရေးတွေ အများကြီး မလိုအပ်ပါဘူး။ ပြိုင်ဘက်ကို ဂိုးပေးလိုက်ရလို့လည်း သူတို့တွေ မစိုးရိမ်ကြပါဘူး။ ပြိုင်ဘက်ရဲ့ဂိုးဧရိယာနားမှာ သက်သောင့်သက်သာလာကစားပါတယ်။ သူတို့တွေက တုန်လှုပ်ခြောက်ခြားမှု နည်းပါးပြီး အေးအေးဆေးဆေးကစားတက်တဲ့ ခက်ခဲတဲ့ ပြိုင်ဘက်အသင်းဖြစ်ပါတယ်။ ကျွန်တော်တို့လည်း စိတ်ကို တည်တည်ငြိမ်ငြိမ်နဲ့ အေးအေးဆေးကစားသွားရပါမယ်”လို့ မန်ဒီလီဘာက ပြောပါတယ်။

ရိုးမားက အခုဘောလုံးရာသီ၊ ယူရိုပါလိဂ်ပြိုင်ပွဲမှာ လာလီဂါကလပ်ဆိုစီဒက်ကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲအဆင့်ဆီ တက်ရောက်နိုင်ခဲ့ပေမယ့် ဆီဗီလာကလည်း သူတို့ရဲ့ဘောလုံးရာသီကို အမြင့်မားဆုံး အောင်မြင်မှုတစ်ခုနဲ့ပိတ်သိမ်းနိုင်ဖို့ ဒီနေ့ညပိုင်းပွဲစဉ်မှာ အောင်ပွဲရရှိနိုင်ရန် မျှော်လင့်နေပါလိမ့်မယ်။          

#ရိုးမား #ဆီဗီလာ #မော်ရင်ဟို #ယူရိုပါလိဂ် #မန်ဒီလီဘာ