ရှေ့သို့
Image

အသင်းခေါင်းဆောင်နေရာအတွက် ရွေးချယ်လိုက်တဲ့ ကစားသမားကို ကြေငြာလိုက်ပြီဖြစ်တဲ့ ဘာစီလိုနာ

3:44 PM, 11 July

နည်းပြ ဇာဗီရဲ့ ပွဲဦးထွက်ရာသီမှာ ပုံစံကောင်းပြသကာ ရီးရဲလ်မက်ဒရစ်အသင်းကို နောက်ကောက်ချပြီး လာလီဂါ အမှတ်ပေးဖလားကို ဆွတ်ခူးထားနိုင်ခဲ့တဲ့ ဘာစီလိုနာ အသင်းက လာမာစီယာအကယ်ဒမီထွက် ဝါရင့်ကွင်းလယ်ကစားသမား ဘက်စ်ကွက်ရဲ့ ထွက်ခွာမှုနဲ့အတူ အသင်းခေါင်းဆောင် နေရာအတွက် ကာလရှည်ကြာ ကစားပေးခဲ့တဲ့ ဆာဂျီယိုရော်ဘတ်တိုကို ခန့်အပ်လိုက်တာပဲ ဖြစ်ပါတယ်။

နည်းပြ ဇာဗီအနေဖြင့် လာမယ့် ဘောလုံးရာသီတွင် လာလီဂါချန်ပီယံဂုဏ်ပုဒ်ကို ဆက်ထိန်းထားနိုင်ရေးအတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်နေတာဖြစ်ပြီး အခြားလာမာစီယာအကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်တဲ့ ရိုမီယူကို ခေါ်ယူရန် များစွာ ဆန္ဒရှိနေတာကြောင့် ရာသီကြို ခြေစမ်းခရီးစဉ်မစတင်မီ အရခေါ်ယူရန် ကလပ်အသင်းဘက်ကို တောင်းဆိုထားတာလည်း ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းက မေဂျာလိဂ်ကလပ် အင်တာမီယာမီအသင်းတွင် သွားရောက်ကစားရန်အတွက် နီးစပ်နေပြီဖြစ်တဲ့ အဓိက ဝါရင့်ကွင်းလယ်ကစားသမား ဆာဂျီယိုဘက်စ်ကွက်ရဲ့ နေရာတွင် အစားထိုးရန် ကွင်းလယ်ကစားသမား ရှာဖွေနေပြီး ရိုမီယူကို ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။ ကလပ်အသင်း အောင်မြင်မှုရရေးအတွက် အရေးပါတဲ့ အဓိက အသင်းခေါင်းဆောင်နေရာကို ရော်ဘတ်တိုအား ခန့်အပ်ကြောင်း ကြေငြာတဲ့ အနေဖြင့် ဘာစီလိုနာအသင်းက ရော်ဘတ်တိုရဲ့ ပုံနဲ့အတူ ‘ကပ္ပတိန်အဖြစ် ပထမဆုံးနေ့’ ဆိုတဲ့ စာသားနဲ့အတူ ပို့စ်တင်ထားခဲ့တာ ဖြစ်ပါတယ်။

ရော်ဘတ်တိုက ၂၀၀၆ခုနှစ်တွင် ဘာစီလိုနာအသင်းရဲ့ လာမာစီယာအကယ်ဒမီကို ရောက်လာခဲ့သူဖြစ်ပြီး ဘာစီလိုနာ အသင်းကြီးအတွက် ပွဲပေါင်း ၃၅၀ အထိ ပါဝင်ကစားပေးထားကာ ဘက်စ်ကွက် မထွက်ခွာခင်က ဒုတိယအသင်းခေါင်းဆောင်အဖြစ် ခန့်ခပ်ခြင်းခံထားရတာလည်း ဖြစ်ပါတယ်။ ဥရောပဘောလုံးသမားတွေ အတွက် မြင့်မားတဲ့ အိပ်မက်ဆုဖလားတစ်လုံးဖြစ်တဲ့ ချန်ပီယံလိဂ် ၂ကြိမ်နဲ့ လာလီဂါ ဆုဖလား ၇ကြိမ် အပါအဝင် နူးကမ့်ကလပ်အသင်းတွင် ရော်ဘတ်တိုက ဆုဖလား စုစုပေါင်း ၂၇လုံးအထိ ရယူထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ဇာဗီ #ရော်ဘတ်တို #ဘက်စ်ကွက်