ရှေ့သို့
Image

၄ နှစ်ကြာ လက်တွဲခဲ့တဲ့ ချစ်သူနဲ့ လမ်းခွဲလိုက်တဲ့ အဂူရို

2:50 PM, 5 September

မန်ချက်စတာစီးတီးရဲ့ ဂန္ထဝင်တိုက်စစ်မှူး ဆာဂျီယိုအဂူရိုဟာ ၄ နှစ်ကြာလက်တွဲခဲ့တဲ့ ချစ်သူ ဆိုဖီယာနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အဆိုပါသတင်းဟာ အဂူရိုရဲ့ချစ်သူ ဆိုဖီယာဟာ နိုက်ကလပ်တစ်ခုမှာ အခြားယောက်ျားတစ်ယောက်နဲ့ နမ်းနေတဲ့ ဗီဒီယို ပျံ့နှံ့လာပြီးနောက် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

အသက်-၃၅ နှစ်အရွယ် အာဂျင်တီးနား လက်ရွေးစင်ဟောင်းက သူ့ရဲ့Twitch ချန်နယ်မှတစ်ဆင့် လမ်းခွဲခြင်းကို အတည်ပြုခဲ့ပါတယ်။ သို့သော်ဆိုဖီယာဘက်ကလည်းလမ်းခွဲခဲ့ကြောင်း အတည်ပြုခဲ့ပေမယ့် အဂူရိုကို ချစ်နေဆဲဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့တာဖြစ်ပါတယ်။

ဆိုဖီယာက အာဂျင်တီးနားဂျာနယ်လစ် အိန်ဂျယ်ဒီဘရီတိုကို "ကျွန်မတို့ မဟုတ်မမှန်တာတွေကို အများကြီးပြောခဲ့ကြတယ်။ အခုကတော့အဆင်ပြေပါတယ်။ ကျွန်မတို့ စကားပြောခဲ့ကြပေမယ့် အဓိပ္ပါယ်မရှိတာတွေပါ။ ကျွန်မမှာအခု ချစ်သူမရှိပါဘူး။ အဂူရိုက ကျွန်မအရမ်းချစ်ပြီး လေးစားရတဲ့လူတစ်ယောက်ပါ။ လမ်းခွဲခဲ့ရတဲ့ အကြောင်းအရင်းကတော့ ကျွန်မတို့နှစ်ယောက်ကြားက ပြဿနာတွေကြောင့်ပါပဲ" လို့ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ယောက်ျားတစ်ယောက်ကို နမ်းခဲ့တယ်ဆိုတဲ့ ဗီဒီယိုကိုလည်း "လုံးဝမနမ်းခဲ့ဘူး"လို့ ပြတ်ပြတ်သားသားပြောဆိုကာ ထင်ယောင်ထင်မှားဖြစ်ခဲ့တာဆိုပြီး ဖြေရှင်းခဲ့ပါတယ်။

အဂူရိုဟာ ယခင်က ဒီယေဂိုမာရာဒိုနာရဲ့သမီးဖြစ်သူ ဂီရန်နီနာနဲ့ လက်ထပ်ခဲ့ပြီး အိမ်ထောင်သက်တမ်း ၄ နှစ်အကြာ ၂၀၁၂ ခုနှစ်မှာတော့ ကွာရှင်းပြတ်စဲခဲ့ကြပြီး ဘင်ဂျမင်ဆိုတဲ့ အသက်-၁၄ နှစ်အရွယ် သားတစ်ယောက်ရရှိခဲ့ပါတယ်။ မန်စီတီးရဲ့ အသင်းသမိုင်းတစ်လျှောက်ဂိုးသွင်းအများဆုံး ကစားသမားဟာ နှလုံးရောဂါကြောင့် အသက်-၃၃ နှစ်အရွယ် ၂၀၂၁ ခုနှစ်မှာ ဘောလုံးလောကမှ အနားယူခဲ့တာဖြစ်ပါတယ်။

ဂိုးသွင်းမုဆိုးအဂူရိုဟာ မန်စီးတီးအတွက် ဂိုး ၂၆၀ ၊ အက်သလက်တီကိုမက်ဒရစ်အတွက် ၁၀၁ ဂိုးနဲ့ အာဂျင်တီးနား လက်ရွေးအသင်းအတွက် ၄၁ ဂိုးသွင်းယူပေးခဲ့ပါတယ်။ တောင်အမေရိက ကြယ်ပွင့်ဟောင်းဟာ မန်စီးတီးအသင်းနဲ့ အတူ ပရီးမီးယားလိဂ် ၅ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်နဲ့ လိဂ်ဖလား ၆ ကြိမ်အထိ ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒါ့အပြင် အက်သလက်တီကိုအသင်းနဲ့ အတူ ယူရိုပါလိဂ်ဖလား ရရှိခဲ့ပြီး အာဂျင်တီးနား အသင်းအတွက်လည်း ကိုပါအမေရိကဖလား ဆွတ်ခူးခဲ့ပါတယ်။

#မန်စီးတီး #အဂူရို #gossip #ဆိုဖီယာ