ရှေ့သို့
Image

ရာနှုန်းပြည့် နိုင်ပွဲဆက်နေတဲ့ ပြင်သစ်၊ အုပ်စုဒုတိယနယ်သာလန်နဲ့ ဟန်ဂေရီ ခြေစွမ်းပြနိုင်ခဲ့တဲ့ ယူရိုခြေစစ်ပွဲစဉ်များ

10:01 AM, 8 September

ယူရို-၂၀၂၄ ခြေစစ်ပွဲစဉ်တွေကို ယမန်နေ့ညပိုင်းမှာ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ နာမည်ကြီး ပြင်သစ်နဲ့ နယ်သာလန်တို့ နိုင်ပွဲရရှိခဲ့သလို ဟန်ဂေရီကလည်း အဝေးကွင်းမှာ ဆာဘီးယားကို အနိုင်ရရှိခဲ့ပါတယ်။

ပြင်သစ်နဲ့ အိုင်ယာလန်တို့ရဲ့ ပွဲစဉ်မှာတော့ အိမ်ရှင်တွေက ပွဲစတင်လာချိန်မှာပဲ ပြိုင်ဘက်အပေါ် လွှမ်းမိုးကစားနိုင်ခဲ့ပြီး အမ်ဘာပေ၊ ဂျီရော့ဒ်တို့က အိုင်ယာလန်ခံစစ်ကြောင်းကို အကောင်းဆုံးဒုက္ခပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဂိုးသမားဘာဇူနူရဲ့ အထင်ကြီးစရာလက်စွမ်းတွေနဲ့အတူ အိုင်ယာလန်က ပြိုင်ဘက်ရဲ့တိုက်စစ်လှိုင်းတံပိုးတွေကို အကောင်းဆုံး ခုခံကာကွယ်နိုင်ခဲ့ပေမယ့် ပွဲချိန် ၁၉ မိနစ်၊ ချူအာမန်နီရဲ့ လှပတဲ့ ကန်ချက်ကိုတော့ မတားဆီးနိုင်ခဲ့လို့ ပြိုင်ဘက်ကို ဦးဆောင်ဂိုးပေးလိုက်ရပါတယ်။

ဒီနောက်မှာတော့ ဂျီရော့ဒ် ဒဏ်ရာ ရရှိသွားလို့ အေစီမီလန်အတွက် စိုးရိမ်စရာဖြစ်လာခဲ့သလို အမ်ဘာပေရဲ့သွင်းဂိုးကိုလည်း လူကျွံဘောလို့သတ်မှတ်ကာ ခွင့်မပြုပေးခဲ့ပါဘူး။ နောက်ပိုင်းမှာ အိုင်ယာလန်က ပွဲဆီ ပြန်လာနိုင်ဖို့ ကြိုးစားခဲ့သလို ပြင်သစ်ကလည်း ပြိုင်ဘက်ကို စောစောစီးစီးအနိုင်ပိုင်းနိုင်ဖို့ ကြိုးစားလာခဲ့ပါတယ်။

ဒုတိယပိုင်းပွဲချိန်စတင်ပြီး မကြာခင်မှာပဲ ဂျီရော့ဒ်နေရာ လူစားဝင်လာတဲ့ မားကပ်စ်သူရမ်က သူ့ရဲ့ လက်ရွေးစင် ကစားသမားဘ၀ ဗွေဆော်ဦးဂိုးကို သွင်းယူကာ ပြင်သစ်အသင်းကို နှစ်ဂိုးပြတ်ဦးဆောင်စေခဲ့ပါတယ်။ ဘရိုက်တန်ရဲ့ဟက်ထရစ်ကြယ်ပွင့် အီဗန်ဖာဂူဆန်မပါဝင်နိုင်တဲ့ အိုင်ယာလန်ကတော့ ပြိုင်ဘက်အပေါ် ပြန်တုံ့ပြန်နိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

ပွဲပြီးဆုံးချိန်မှာတော့ ပြင်သစ်က အိုင်ယာလန်ကို နှစ်ဂိုးပြတ်အနိုင်ရရှိခဲ့ကာ အုပ်စုပွဲစဉ် ၅ ပွဲကစား၊ ၅ ပွဲနိုင်ရလဒ်ဖြင့် အုပ်စုဗိုလ်နေရာမှာ ဆက်လက်ရပ်တည်ခဲ့သလို အိုင်ယာလန်ကတော့ အုပ်စုစတုတ္ထနေရာမှာပဲ ရှိနေခဲ့ပါတယ်။ နယ်သာလန်နဲ့ဂရိတို့ရဲ့ ပွဲစဉ်ကို ပီအက်စ်ဗွီအိမ်ကွင်း Philips Stadion မှာ ယှဉ်ပြိုင်ကစားခဲ့ပြီး အိမ်ရှင်နယ်သာလန်က ပွဲချိန်ပထမပိုင်းသွင်းဂိုးတွေနဲ့အတူ သုံးဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

နယ်သာလန်အသင်းရဲ့ပထမဆုံးဂိုးပေါက်ခြိမ်းခြောက်မှုမှာပဲ ဒီရွန်းက လက်ရွေးစင်ကစားသမားဘ၀ ဗွေဆော်ဦးဂိုးကို ရယူကာ အိမ်ရှင်အသင်းကို ဦးဆောင်စေခဲ့ပါတယ်။ ဒီနောက်မှာလည်း အိမ်ရှင်အသင်းက ပွဲကို ဆက်လက်ဦးဆောင်ထားခဲ့ပြီး လီဗာပူးကြယ်ပွင့်ဂတ်ပိုက နယ်သာလန်အတွက် ဒုတိယမြောက်ဦးဆောင်ဂိုး သွင်းယူခဲ့ပြန်ပါတယ်။

အလားတူ ဝက်ဂ်ဟော့စ်ကလည်း လှပတဲ့ ခေါင်းတိုက်ချက်နဲ့အတူ အိမ်ရှင်တွေကို အနိုင်သေချာစေမယ့် တတိယမြောက်သွင်းဂိုး ရရှိခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် နယ်သာလန်က အုပ်စုဒုတိယနေရာဆီ တက်လှမ်းလာနိုင်ပြီး ဂရိကတော့ အုပ်စုတတိယနေရာမှာ ဆက်လက်ရပ်တည်နေပါတယ်။

ဒတ်ချ်နည်းပြရော်နယ်ကိုးမန်းအတွက် တစ်ခုတည်းသော စိုးရိမ်စရာကတော့ နောက်ခံလူ နသန်အကီ ဒဏ်ရာ ရရှိမှုပဲ ဖြစ်ပါတယ်။ ဆာဘီးယားနဲ့ ဟန်ဂေရီတို့ပွဲစဉ်မှာတော့ အိမ်ရှင်ဆာဘီးယားက ပွဲအစပိုင်း ဟန်ဂေရီနောက်ခံလူဆလိုင်းရဲ့ O.G နဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် ပထမပိုင်းပွဲချိန်မပြီးခင်မှာပဲ ဟန်ဂေရီအသင်းခေါင်းဆောင် လီဗာပူးစတား ဆိုဘော့ဆလိုင်းရဲ့ ခြေစွမ်းပြမှုနဲ့အတူ ဧည်သည့်တွေအတွက် ဗာဂါက ချေပဂိုး၊ အော်ဘန်က ဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ်။

ဒုတိယပိုင်းပွဲချိန်တွေမှာလည်း နှစ်သင်းစလုံးက တဖက်နဲ့တဖက် အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ပေမယ့် နောက်ထပ်သွင်းဂိုးတွေ မမြင်တွေ့ခဲ့ရလို့ ဟန်ဂေရီက ဆာဘီးယားကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ဟန်ဂေရီက အုပ်စုဗိုလ်နေရာ ရောက်ရှိလာခဲ့ပြီး ဆာဘီးယားကတော့ အုပ်စုဒုတိယနေရာမှာပဲ ဆက်လက်ရပ်တည်နေပါတယ်။

အခြားပွဲစဉ်ရလဒ်များ
---------------------
ပိုလန် ၂-၀ ဖာရိုးကျွန်းစု
ချက် ၁-၁ အယ်လ်ဘေးနီးယား
လစ်သူရေးနီးယား ၂-၂ မွန်တီနီဂရိုး
ကာဂျစ်စတန် ဝ-၁ ဖင်လန်
ဒိန်းမတ် ၄-၀ ဆန်မာရီနို
ဆလိုဗေးနီးယား ၄-၂ မြောက်အိုင်ယာလန်

#ဆာဘီးယား #နယ်သာလန် #ပြင်သစ် #ဟန်ဂေရီ ယူရို၂၀၂၄ခြေစစ်ပွဲ