ရှေ့သို့
Image

ကင်ဆာရောဂါဝေဒနာ အခြေအနေကို ဖွင့်ဟလာတဲ့ မန်ချက်စတာယူနိုက်တက် နည်းပြဟောင်း ဗန်ဟားလ်

3:04 PM, 11 September

မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း လူးဝစ်ဗန်ဟားလ်က လတ်တလောမှာ အိမ်သာဆီ ကိုယ်တိုင်သွားနိုင်ရင်တောင် အံ့သြစရာဖြစ်လာလိမ့်မယ်လို့ သူခံစားနေရတဲ့ ကင်ဆာရောဂါအကြောင်း ရှင်းပြချိန်မှာ ပြောပြခဲ့ပါတယ်။

အသက်-၇၂ နှစ်အရွယ် ဂန္တဝင်ဒတ်ချ်လူမျိုးနည်းပြက ဆီးကျိတ်ကင်ဆာဝေဒနာ ခံစားနေရတယ်လို့ ယမန်နှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ကြေညာခဲ့ပါတယ်။ သူက ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဝင် နယ်သာလန်အသင်းကို ဦးဆောင်ခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်မှာ ချန်ပီယံဖြစ်လာမယ့် အာဂျင်တီးနားကို ပယ်နယ်တီဖြင့် အရေးနိမ့်ပြီးနောက် ရာထူးမှ နုတ်ထွက်ခဲ့ပါတယ်။

လတ်တလော တီဗွီအင်တာဗျူးအစီအစဉ်တစ်ခုမှာ ပေါ်ထွက်လာတဲ့ ဗန်ဟားလ်က မကြာသေးမီကာလ ခွဲစိတ်ကုသမှုတစ်ခု အောင်မြင်မှုရှိ၊မရှိ သိရဖို့ စောင့်ဆိုင်းနေရတယ်လို့ ဆိုပါတယ်။ ပြင်းထန်တဲ့ ဆီးကျိတ်ကင်ဆာရောဂါကုသဖို့ ဓါတ်ရောင်ခြည်ကုသမှုတွေ ပြုလုပ်ခဲ့ပြီး နောက်ထပ်ဆေးဖက်ဆိုင်ရာ လုပ်ငန်းစဉ်တွေက သူ့အတွက် သတင်းကောင်းတွေ ပေးနိုင်ဖို့ မျှော်လင့်မိတယ်လို့ ဗန်ဟားလ်က ပြောပါတယ်။

ဒါပေမယ့် ဝါရင့်နည်းပြကြီးက လက်ရှိရင်ဆိုင်ရနေရတဲ့ ရောဂါအခြေအနေနဲ့ ကုသမှုလုပ်ငန်းစဉ်တွေကို ရှင်းပြရာမှာ တပါးသူရဲ့အကူအညီမပါဘဲ အိမ်သာသွားနိုင်ရင်တောင် အံ့ဖွယ်သရဲပါလို့ ရှင်းပြပါတယ်။

စက်တင်ဘာ ၁၉ ရက်မှာ ဆေးရုံပြန်တက်ရမယ့် ဗန်ဟားလ်က “ကျွန်တော် ဘယ်လိုနေသလဲ? ကောင်းပြီ၊ လွန်ခဲ့တဲ့ရက်သတ္တပတ် နှစ်ပတ်၊ သုံးပတ်လောက်ကပဲ ကျွန်တော် ခွဲစိတ်ကုသမှု ခံယူခဲ့ပါတယ်။ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေက အရာအားလုံးအဆင်ပြေအောင် ကြိုးစားနေပြီး အခုအချိန်မှာတော့ ကျွန်တော်တို့တွေ စောင့်ကြည့်သွားရပါလိမ့်မယ်။ စက်တင်ဘာ ၁၉ ရက်မှာ ကျွန်တော် ဆေးရုံပြန်တက်ပြီး အရာရာတိုင်းကို ဆုံးဖြတ်ပေးသွားပါလိမ့်မယ်။ နောက်ပိုင်းမှာ နောက်တစ်ကြိမ် အိမ်သာဆီ တပါးသူရဲ့အကူအညီမပါဘဲ သွားနိုင်မယ်ဆိုရင် အံ့သြစရာတစ်ခု ဖြစ်လာနိုင်ပါတယ်”လို့ ပြောပါတယ်။

အတွေ့အကြုံရင့်ကျက်လွန်းတဲ့ ဒတ်ချ်လူမျိုး နည်းပြကြီး နောက်ဆုံး ကိုင်တွယ်ခဲ့တဲ့ ကလပ်အသင်းဟာ မန်ချက်စတာယူနိုက်တက် ဖြစ်ပါတယ်။ သူက သရဲနီတွေကို နှစ်နှစ်ကြာကိုင်တွယ်ခဲ့ပြီး ၂၀၁၄ ခုနှစ်၊ ဝင်ဘာလေကွင်းမှာ ခရစ္စတယ်ပဲလေ့စ်ကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိကာ အက်ဖ်အေဖလားချန်ပီယံဘွဲ့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #နယ်သာလန် #ဗန်ဟားလ် #ပရီးမီးယားလိဂ်