ရှေ့သို့
Image

ဂတ်ပိုက ပရီးမီးယားလိဂ်မှာ တိုးတက်လာမယ့် ကစားသမားလို့ ပြောဆိုလိုက်တဲ့ နယ်သာလန်နည်းပြ ကိုးမန်း

3:05 PM, 11 September

နယ်သာလန်နည်းပြ ကိုးမန်းက လက်ရွေးစင်ကစားသမား ဂတ်ပိုဟာ ပရီးမီးယားလိဂ်ရပ်ဝန်းမှာ ထွန်းတောက်လာမယ့် ကစားသမားလို့ ချီးကျူးလိုက်ပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီ အပြောင်းအရွှေ့ကာလအတွင်း ပီအက်စ်ဗွီမှ လီဗာပူးဆီ ရောက်ရှိလာတဲ့ ဂတ်ပိုက မာဆေးဆိုဒ်ကလပ်မှာ ကြီးမားတဲ့တိုးတက်မှုတွေ ပြသထားနိုင်ပါတယ်။

ကိုးမန်းက “ဂတ်ပိုက လူငယ်ကစားသမားတစ်ဦးဖြစ်နေတုန်းပဲဆိုတာ နားလည်ထားရပါမယ်။ လီဗာပူးဆီ သူရောက်ရှိသွားချိန်မှာ အသင်းက ရုန်းကန်နေခဲ့ရပြီး အခုလိုအခြေအနေတွေက သက်ရောက်မှုတစ်ခု လျှင်လျှင်မြန်မြန်ပြုလုပ်နိုင်ဖို့ သူ့အတွက် ခက်ခဲစေခဲ့ပါတယ်။ ကောင်းကောင်းလုပ်ဆောင်နေတဲ့ အသင်းတစ်ခုဆီမှာ ပါဝင်မယ်ဆိုရင်တော့ အချိန်အခါသင့် ရောက်ရှိသွားတာဖြစ်လို့ အခွင့်အရေးတစ်ခုလောက်တော့ ရနိုင်ပါတယ်။ ဒါပေမယ့် လီဗာပူးကတော့ အဲ့ဒီအချိန်တုန်းက အတော်ခက်ခဲခဲ့တဲ့ အရာတစ်ခုကို မြန်မြန်ဆန်ဆန် လိုအပ်နေခဲ့ပါတယ်”

“ခင်ဗျားတို့က သူ့ကို ပရီးမီးယားလိဂ်မှာ အခြေတကျဖြစ်စေဖို့နဲ့ တိုးတက်ဖို့ အချိန်တစ်ခုပေးဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မတူညီတဲ့ အဆင့်အတန်းမျိုးဖြစ်နေလို့ပါ။ အင်္ဂလန်ပြည်တွင်းဘောလုံးလောကရဲ့ ပြိုင်ဆိုင်မှုက ဂတ်ပိုကစားခဲ့ဖူးတဲ့ နယ်သာလန်ထက် ပိုမိုပြင်းထန်တယ်ဆိုတာ အင်္ဂလန်ဘောလုံးလောကမှာ ကျင်လည်ခဲ့ဖူးတဲ့ ကျွန်တော်သိပါတယ်။ ဒါပေမယ့် သူက ငယ်ပါသေးတယ်။ ဂတ်ပိုက ပိုကောင်းလာဖို့ လေ့လာသင်ယူရပါလိမ့်မယ်။ ဒါပေမယ့် သူ့မှာ ကောင်းမွန်တဲ့အနာဂတ် ရှိနေပါတယ်။ သူ့ရဲ့အရည်အသွေးကိုလည်း ခင်ဗျားတို့တွေ မြင်တွေ့ကြမှာပါ”လို့ ပြောပါတယ်။

#နယ်သာလန် #ရော်နယ်ကိုးမန်း #ဂတ်ပို #ပရီးမီးယားလိဂ်