ရှေ့သို့
Image

မက်ဆီ ပွဲတိုင်းမပါလို့ စိတ်ပျက်နေကြတဲ့အပေါ် ‘စက်ရုံတွေမှ မဟုတ်ဘဲ’ လို့ ကာကွယ်ပြောဆိုလိုက်တဲ့ ဘက်စ်ကွက်

2:10 PM, 27 September

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ဓဝင်ကစားသမား ဒေးဗစ်ဘက်ခမ်း ပူးတွဲ ပိုင်ဆိုင်တဲ့ အမေရိကန် မေဂျာလိဂ်ကလပ် အင်တာမီယာမီအသင်းက ရွှေဘောလုံး ၇ဆုရှင် မက်ဆီကို အံ့အားသင့်ဖွယ်ရာ ခေါ်ယူနိုင်ခဲ့အပြီးမှာ အားပေးရန်အတွက် လက်မှတ်အပြိုင်အဆိုင်ဝယ်ယူထားကြတဲ့ ပရိတ်သတ်တွေက မက်ဆီပွဲတိုင်းမပါလို့ စိတ်ပျက်နေကြတဲ့အပေါ် ဘက်စ်ကွက်က တုံ့ပြန်စကားဆိုလိုက်တာပဲ ဖြစ်ပါတယ်။

အင်တာမီယာမီအသင်းရဲ့ ပြီးခဲ့တဲ့ ပွဲစဉ် ၄ ပွဲတွင် တိုရွန်တိုအသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အတွင်းမှာသာ မက်ဆီအနေဖြင့် ပါဝင်ကစားပေးနိုင်ခဲ့ပြီး ကျန်ပွဲစဉ် ၃ ပွဲကို နိုင်ငံတကာပွဲစဉ်တွေအပြင် ကြံ့ခိုင်မှု အားနည်းချက်တွေနဲ့အတူ လွဲချော်ထားခဲ့တာကြောင့် လက်မှတ်ဝယ်ယူထားတဲ့ ပရိတ်သတ်တွေအတွက် အားမလိုအားမရ အခြေအနေနဲ့ ကြုံတွေ့နေရစေတာလည်း ဖြစ်ပါတယ်။

နာမည်ကျော် ဘာစီလိုနာအသင်းရဲ့ ကစားသမားအစုဖွဲ့တွင်ပါဝင်ခဲ့တဲ့ မက်ဆီနဲ့ ဘက်စ်ကွက်တို့ အနေဖြင့် အမေရိကန်တွင် ပြန်လည်ပေါင်းဆုံခွင့်ရထားခဲ့ပြီးမကြာမီမှာ အခြားဘာစီလိုနာ ကြယ်ပွင့်ကစားသမားဖြစ်တဲ့ ဂျော်ဒီအယ်လ်ဘာကပါ အမေရိကန်မြေမှာ လာရောက်ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၅နှစ်အရွယ် ဘက်စ်ကွက်အနေဖြင့် ၂၀၂၅ခုနှစ်အထိ သက်တမ်းရှိစေမယ့် ၃နှစ်စာချုပ်ကို အင်တာမီယာမီအသင်းတွင် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

အိုပင်းပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်အဖြစ် ဟောက်စ်တန်ဒိုင်နမိုအသင်းနဲ့ ကစားရမယ့် ပွဲစဉ်မတိုင်မီ အကြိုလေ့ကျင့်မှုအတွင်း မက်ဆီအနေဖြင့် ပါဝင်ပူးပေါင်းနိုင်သေးခြင်းမရှိပေမဲ့ ပွဲစဉ်အတွင်း ပွဲထွက်ပါဝင်လာနိုင်ခြေရှိတဲ့ အကြောင်းကို အင်တာမီယာမီအသင်းရဲ့ နည်းပြ တာတာမာတီနိုက ပြောဆိုထားခဲ့တာ ဖြစ်ပါတယ်။

ပွဲတိုင်းဝင်ကန်ပေးနိုင်ရန် စက်ရုပ်တစ်ရုပ်မဟုတ်တဲ့အကြောင်းနဲ့ ပတ်သက်လို့ ဝါရင့်ကွင်းလယ်လူ ဘက်စ်ကွက်က“ပရိသတ်တွေအနေနဲ့ စိတ်လှုပ်ရှားမှုအပြည့်နဲ့ လာရောက်အားပေးနေကြတာကို ကျွန်တော်တို့အနေနဲ့ နားလည်ပါတယ်။ ဒါပေမဲ့ ပွဲတိုင်းဝင်ကစားနိုင်ဖို့အတွက် ကျွန်တော်တို့က စက်ရုပ်တွေမဟုတ်သလို စက်ပစ္စည်းတွေလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ဘက်က ပွဲတိုင်းကို ဝင်ရောက်ကစားချင်သည့်တိုင် ရေရှည်မှာ အကျိုးဖြစ်မယ့်အရာကိုပဲ ဦးစားပေးရတာပါ။ အမြဲတမ်းကစားပေးနိုင်ဖို့ အတင်းလုပ်ယူနေရင်တော့ ဒါက ပရိသတ်တွေအတွက်သာ မဟုတ်ပါဘူး အားလုံးအတွက် နစ်နာစေပါလိမ့်မယ်”လို့ရှင်းပြ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်

#မက်ဆီ #ဘက်စ်ကွက်