ရှေ့သို့
Image

၂၀၃၀ ကမ္ဘာ့ဖလားကို နိုင်ငံ ၆ နိုင်ငံပေါင်းပြီးကျင်းပမယ်လို့ ဖီဖာအတည်ပြု

1:26 PM, 5 October

၂၀၃၀ ကမ္ဘာ့ဖလားကို စပိန်၊ ပေါ်တူဂီနဲ့ မော်ရိုကိုတို့အပြင် တောင်အမေရိကနိုင်ငံတွေဖြစ်တဲ့ ဥရုဂွေး၊ ပါရာဂွေးနဲ့ အာဂျင်တီးနားတို့ကပါ အိမ်ရှင်တွေအဖြစ် လက်ခံကျင်းပသွားမယ်လို့ ယမန်နေ့က တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ အလီဂျန်ဒိုမင်ဂွတ်စ်က အတည်ပြုခဲ့ပါတယ်။

အဆိုပါအစီအစဉ်အရ ၁၉၃၀ ခုနှစ်မှာ ဥရုဂွေးကအိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ပထမဆုံးကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ၂၀၃၀ ခုနှစ်ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်တွေကို တောင်အမေရိကအသင်း ၃ သင်းက အိမ်ကွင်းတွေမှာလက်ခံကျင်းပသွားမှာဖြစ်ပါတယ်။

ကျန်တဲ့ပွဲစဉ်တွေကိုတော့ စပိန်၊ ပေါ်တူဂီနဲ့ မော်ရိုကိုနိုင်ငံတို့မှာ ဆက်လက်ကျင်းပသွားမှာဖြစ်ပါတယ်။ နိုင်ငံ ၆ နိုင်ငံစလုံးက အိမ်ရှင်တွေအဖြစ် ခြေစစ်ပွဲအောင်လာကြတဲ့ ၄၈ နိုင်ငံရဲ့ ပွဲစဉ်တွေကို လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။

ယခုအစီအစဉ်ဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားအစီအစဉ်တွေထက် တမူထူးခြားနေပြီး အချို့က ပြိုင်ပွဲကျင်းပမယ့်နေရာကို ဆုံးဖြတ်ရန် ပွင့်လင်းမြင်သာတဲ့ လုပ်ငန်းစဉ်ကို မျှော်လင့်ထားကြတာကြောင့် ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ဖီဖာဥက္ကဌ ဂီရန်နီ အင်ဖန်တီနိုကတော့ "၂၀၃၀ ခုနှစ်ကမ္ဘာ့ဖလားကို ကျွန်တော်တို့က ထူးခြားတဲ့ ကမ္ဘာ့ခြေရာတစ်ခုအဖြစ် တိုက်ကြီးသုံးတိုက် အာဖရိက၊ ဥရောပနဲ့ တောင်အမေရိကတို့မှ နိုင်ငံခြောက်နိုင်ငံဖြစ်တဲ့ ဥရုဂွေး၊ ပါရာဂွေး၊ အာဂျင်တီးနား၊ မော်ရိုကို၊ စပိန်နဲ့ ပေါ်တူဂီတို့ ပူးပေါင်းပြီး စည်းလုံးညီညွတ်စွာဆင်နွှဲသွားကြမှာဖြစ်ပါတယ်။ လှပတဲ့အားကစားပြိုင်ပွဲမှာ နှစ် ၁၀၀ ပြည့်ကမ္ဘာ့ဖလားကိုအတူတူကြိုဆိုကြမှာပါ" လို့အတည်ပြုခဲ့ပါတယ်။

ဆော်ဒီအာရေဗျမှ ကမ္ဘာ့ဖလား ကျင်းပခွင့်ရရှိရန် ‌ကမ်းလှမ်းလာမှုကြောင့် ၂၀၃၄ ခုနှစ်ကမ္ဘာဖလားပြိုင်ပွဲကို‌တော့ အာရှနဲ့ သမုဒ္ဒရာကျွန်းဆွယ်နိုင်ငံများမှာ ကျင်းပဖို့အာရုံစိုက်သွားမယ်လို့ ဖီဖာကအတည်ပြုခဲ့ပါတယ်။

ဆက်လက်ပြီး ဒိုမင်ဂွတ်စ်က "ဒါဟာသမိုင်းဝင်ဖြစ်ရပ်တစ်ခုပါ။ “ကမ္ဘာ့ဖလား နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်ပွဲအတွက် တိုက်ကြီး ၃ ခု စုစည်းပြီး ကျင်းပတာပါ။ နိုင်ငံခြောက်နိုင်ငံ ပေါင်းစည်းလာတဲ့အတွက် ကျွန်တော်တို့ အရမ်းပျော်ပါတယ်။ နှစ် ၁၀၀ ပြည့်အဖြစ်အဖွင့်ပွဲကိုတော့ ဥရု‌ဂွေးမှာ ကျင်းပသွားမှာပါ။   ဘောလုံးပွဲတွေသာမက နှစ်ပတ်လည်ကို ဂုဏ်ပြုတဲ့အနေနဲ့ အာဂျင်တီးနား၊ ဥရုဂွေးနဲ့ ပါရာဂွေးတို့မှာ အခမ်းအနားတွေကျင်းပသွားမှာပါ"လို့ ပြောကြားခဲ့ပါတယ်။

#ဖီဖာ #အာဂျင်တီးနား #ဥရုဂွေး #မော်ရိုကို