ရှေ့သို့
Image

ဂရာဗန်ဘတ်ချ် အတွက် လမ်းဖွင့်ပေးထားဆဲလို့ ဆိုလာတဲ့ နယ်သာလန်နည်းပြ ရော်နယ်ကိုးမန်း

2:44 PM, 10 October

နယ်သာလန်လက်ရွေးစင်အသင်းနည်းပြ ရော်နယ်ကိုးမန်းက အသင်းလူစာရင်းဆီ ဂရာဗန်ဘတ်ချ် ပြန်လည်ပါဝင်လာနိုင်ဖို့အတွက် လမ်းဖွင့်ပေးထားဆဲဖြစ်တယ်လို့ ပြောပါတယ်။ လီဗာပူးကွင်းလယ်လူကို အခုနိုင်ငံတကာသီတင်းပတ်အတွင်း နိုင်ငံလက်ရွေးစင်အဆင့် စီနီယာအသင်းနဲ့  ယူ-၂၁ အသင်း လူစာရင်းတွေမှာ ရွေးချယ်ထားခြင်း မရှိပါဘူး။

အခုနွေရာသီအပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ဘိုင်ယန်မြူးနစ်မှ လီဗာပူးဆီ ရောက်ရှိလာခဲ့တဲ့ ဂရာဗန်ဘတ်ချ်က စက်တင်ဘာလ နိုင်ငံတကာသီတင်းပတ်အတွင်း ဟော်လန်ယူ-၂၁အသင်းလူစာရင်းမှ နုတ်ထွက်ခဲ့ပါတယ်။ သူက ပတ်ဝန်းကျင်သစ်မှာ နေသားကျဖို့၊ အန်ဖီးလ်ကွင်းမှာအခြေကျဖို့ စက်တင်ဘာနိုင်ငံတကာသီတင်းပတ် အချိန်တွေကို အသုံးချချင်ခဲ့တာပါ။ ဒါပေမယ့် အဲ့ဒီအချိန်တုန်းက ဂရာဗန်ဘတ်ချ်ရဲ့ဆုံးဖြတ်ချက်အပေါ် နယ်သာလန်လက်ရွေးစင်အသင်းနည်းပြ ရော်နယ်ကိုးမန်းက ဝေဖန်ပြောဆိုခဲ့ပါတယ်။

အခုအချိန်မှာတော့ အဲဗာတန်၊ ဘာစီလိုနာနည်းပြဟောင်းက အန်ဖီးလ်ကလပ်ကစားသမား အတွက် နိုင်ငံ့လက်ရွေးစင် လူစာရင်းမှာ ပါဝင်နိုင်ဖို့ လမ်းဖွင့်ပေးထားဆဲပဲလို့ ဝန်ခံပြောဆိုလိုက်ပါတယ်။ အသက်-၂၁ နှစ်အရွယ် ကစားသမားက လီဗာပူးအတွက် ခုနစ်ပွဲကစား၊ တစ်ဂိုးသွင်း၊ နှစ်ဂိုးဖန်တီးပေးထားပေမယ့် ကိုးမန်းက အဆိုပါစွမ်းဆောင်ရည်ပိုင်းနဲ့တော့ နိုင်ငံ့လက်ရွေးစင်အသင်းလူစာရင်းမှာ ပါဝင်နိုင်ဖို့ မလုံလောက်သေးဘူးလို့ ရှင်းပြလာပါတယ်။

ကိုးမန်းက “နယ်သာလန်လက်ရွေးစင်အသင်းမှာ ဂရာဗန်ဘတ်ချ်ကို မရွေးချယ်တာနဲ့ ပတ်သက်လို့ တိကျသေချာတဲ့ အမြင်တစ်ခု ကျွန်တော့်မှာ ရှိပါတယ်။ သူက ပြီးခဲ့တဲ့အခေါက်မှာ ယူ-၂၁ အသင်းရဲ့ ခေါ်ယူမှုကို ငြင်းဆန်ခဲ့သလို လီဗာပူး အတွက်လည်း ပွဲထွက်ခွင့်တွေ အများကြီးမရရှိသေးပါဘူး။ ဂရာဗန်ဘတ်ချ်က ထူးခြားတဲ့ ပါရမီရှင်ကစားသမားတစ်ဦးလို့ ကျွန်တော် ယူဆထားဆဲပါပဲ။ လီဗာပူးအတွက် သူ ပွဲတွေ အများကြီးကစားပေးနိုင်ဖို့နဲ့ တိုးတက်မှုတွေ ဆက်ရှိနေဖို့ ကျွန်တော် မျှော်လင့်ထားပါတယ်။ ဒါပြီးရင်တော့ သူက ဒတ်ချ်အသင်း ကစားသမားတစ်ဦး သေချာပေါက် ဖြစ်လာပါလိမ့်မယ်”လို့ ပြောပါတယ်။

#လီဗာပူး #နယ်သာလန် #ရော်နယ်ကိုးမန်း #ဂရာဗန်ဘက်ချ် #ပရီးမီးယားလိဂ်