ရှေ့သို့
Image

ချဲလ်ဆီးရဲ့အိမ်ရှေ့စံမင်းသားလေးအဖြစ်ကနေ ကစားသမားဘ၀ နေဝင်ချိန်စောခဲ့ရတဲ့ ဟာဇက်ဘာတွေ မှားယွင်းခဲ့တာလဲ

2:37 PM, 11 October

အီဒင်ဟာဇက်လို့ပြောလိုက်တာနဲ့ ကြံ့ခိုင်မှုအားကောင်းကောင်းနဲ့ ပြိုင်ဘက်တွေကို ကျော်ဖြတ်ပြခဲ့တဲ့ တောင်ပံကစားသမားကို ပရိသတ်တွေ ပြေးမြင်မိကြမှာပါ။ ပရီးမီးယားလိဂ်ဖလားကို ဒုတိယအကြိမ် ဆွတ်ခူးနိုင်ဖို့ ကြိုးစားနေတဲ့ရာသီအတွင်း အာဆင်နယ်ဘက်ကို သွင်းယူခဲ့တဲ့ တစ်ကိုယ်တော်သွင်းဂိုးကိုလည်း အားလုံးမှတ်မိကြမယ်လို့ ထင်ပါတယ်။

ချဲလ်ဆီးကွင်းဘက်ခြမ်းကနေ ဘောလုံးဆွဲယူလာပြီး အာဆင်နယ်ကစားသမားတွေကို တစ်ကိုယ်တော်ကျော်ဖြတ်ကာ ဂိုးသွင်းယူသွားခဲ့တဲ့ ဟာဇက်ရဲ့သွင်းဂိုးက မျက်လုံးထဲက မထွက်နိုင်လောက်အောင် ပြောင်မြောက်လွန်းခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက စပိန်မှာ မက်ဆီနဲ့ ရော်နယ်ဒိုတို့ ရှိသလို အင်္ဂလန်မှာဆိုရင် ဟာဇက်ရှိနေပြီး ယခု အသက်၃၂နှစ် အရွယ်မှာတင် အနားယူသွားတာတောင် ပရိသတ်တွေ အတွက် အမှတ်တရာများစွာ ချန်ထားရစ်ခဲ့ပါတယ်။

ဟာဇက်က ဘောလုံးကို ပျော်ရွှင်ဖို့အတွက်ပဲ အမြဲကစားလေ့ရှိပါတယ်။ ၂၀၁၃ခုနှစ်မှာ မော်ရင်ဟို ချဲလ်ဆီးထံ ပြန်ရောက်လာပြီးနောက် ဟာဇက်ရဲ့ အရည်အချင်းတွေကို အစွမ်းကုန်ဖွင့်ထုတ်ကာ ရော်နယ်ဒိုရဲ့လမ်းကြောင်းအတိုင်း လျှောက်စေချင်ခဲ့ပေမယ့် ဘယ်လ်ဂျီယံသားဟာ လေ့ကျင့်ရေးကွင်းမှာ ထိုင်ထ အကြိမ်၁၀၀၀ထပ်လုပ်မယ့်အစား အိမ်အမြန်ပြန်ဖို့သာ ဆန္ဒရှိနေတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။

မော်ရင်ဟို၊ ကွန်တီနဲ့ ဆာရီတို့ဟာ ဘောလုံးမရှိချိန် ဟာဇက်ရဲ့ လုပ်အားနှုန်းအပေါ် စိတ်ပျက်ခဲ့ကြပေမယ့် ပြိုင်ဘက်ခံစစ်တွေကို အလွယ်တကူထိုးဖောက်နိုင်တဲ့ ပင်ကိုယ်စွမ်းရည်ကြောင့် ဆက်လက်အသုံးပြုခဲ့ကြရပါတယ်။ ဟာဇက်ဟာ ၂၀၁၅ခုနှစ် မော်ရင်ဟိုရဲ့ချဲလ်ဆီးအသင်းမှာ အဖိုးထိုက်ရတနာတစ်ခုဖြစ်ခဲ့ပြီး FWAတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု၊ PFA တစ်နှစ်တာ အကောင်းဆုံးဆုတွေကို ဆွတ်ခူးနိုင်ခဲ့သလို ကွန်တီလက်ထက် ၂၀၁၇ခုနှစ်မှာလည်း PFAဆုကို ထပ်ရခဲ့ပါတယ်။

ရီးရဲမက်ဒရစ်ကို ပေါင်သန်း၁၀၀နဲ့ ပြောင်းသွားချိန် ရုန်းကန်ခဲ့ရပေမယ့် အဆိုပါ အချိန်မတိုင်ခင်ကတည်းက ဟာဇက်မှာ ခြေကျင်းဝတ်နဲ့ ဖနောင့်ကြောပိုင်းဆိုင်ရာ ပြဿနာတွေရှိနေခဲ့ပါတယ်။ အမြဲတမ်းလိုလို ပေါက်ကွဲအားပြင်းထန်ပြီး လျင်မြန်စွာနဲ့ ပြိုင်ဘက်ကစားသမားတွေကို လိမ်ခေါက်ဖြတ်ကျော်တတ်တဲ့ ဟာဇက်ရဲ့ကစားပုံက ဒဏ်ရာပြဿနာတွေကို ဖိတ်ခေါ်နေသလိုပါပဲ။ နောက်ခံအစွန်လူတွေက ဟာဇက်ကို ဖျက်ထုတ်ဖို့ လက်လှမ်းမမီတဲ့အခါ နောက်ကနေ ကန်ကျောက်လေ့ရှိကြပါတယ်။

မော်ရင်ဟိုဆိုရင်လည်း ဟာဇက်အပေါ် ကာကွယ်ပေးကြဖို့ ဒိုင်လူကြီးတွေကို အမြဲတစေ တောင်းဆိုလေ့ရှိခဲ့ပါတယ်။ ချဲလ်ဆီးကစားသမားဘ၀ နောက်ဆုံးရာသီမှာ ဟာဇက်က ပြိုင်ပွဲစုံ ၆၂ပွဲအထိ ပါဝင်ကစားခဲ့ကာ ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်က သွင်းဂိုး နှစ်ဂိုးအပါအဝင် သွင်းဂိုးစုစုပေါင်း ၂၆ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာဆိုရင်လည်း အာဆင်နယ်ပဲ ခံလိုက်ရပြီး ဟာဇက်က သွင်းဂိုးနှစ်ဂိုးအထိ သွင်းယူနိုင်ခဲ့ပြန်ပါတယ်။

ရီးရဲလ်မက်ဒရစ်က အရည်အချင်းကောင်းတွေကို သက်သေပြပြီးသား ကစားသမားတစ်ဦးအတွက် ပြောင်းရွှေ့ကြေးကြီးကြီးမားမား အသုံးပြုခဲ့ပါတယ်။ ၂၈နှစ်အရွယ်ဆိုတာက ကစားသမားကောင်းတစ်ဦးအတွက် အကောင်းဆုံးအချိန်တွေဖြစ်ပေမယ့် ဟာဇက်ကတော့ စပိန်မှာ ထင်ထားသလို ဖြစ်မလာခဲ့ပါဘူး။ ဟာဇက်တစ်ယောက် ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပထမဆုံးသတင်းပို့ချိန် weightတွေတက်လာတယ်ဆိုပြီး စွပ်စွဲမှုတွေရှိခဲ့ပေမယ့် တကယ့်ပြဿနာကတော့ ခြေကျင်းဝတ်ဒဏ်ရာပါပဲ။ ဒီခြေကျင်းဝတ်ဒဏ်ရာကတော့ ၂၀၁၉ခုနှစ် နိုဝင်ဘာလက ပီအက်စ်ဂျီနဲ့ပွဲစဉ်မှာ ဘယ်လ်ဂျီယံအသင်းဖော် မူနီယာကြောင့် ရရှိခဲ့တာဖြစ်ပါတယ်။

ကိုဗစ်ကြောင့် ဘောလုံးပွဲတွေ ရပ်တန့်သွားခဲ့ပြီးနောက် ဟာဇက် ပြန်လာခဲ့ပေမယ့် ဒဏ်ရာပြဿနာများစွာနဲ့အတူ ကြွက်သားပြဿနာတွေကြောင့် ဗင်နီစီးယက်စ်ကတောင် သူ့ကိုကျော်ပြီး ဘယ်တောင်ပံနေရာကို အပိုင်စားရသွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်မှာ လေးနှစ်ကြားခဲ့ပြီးနောက် ဟာဇက်ဟာ လိဂ်မှာ ပွဲ၃၀သာ ပွဲထွက်ခွင့်ရခဲ့ပါတယ်။

၂၀၂၂ခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ပြန်လာခဲ့ပေမယ့် အရန်ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရတာကြောင့် အသင်းအတွက် ဂိုးပါဝင်ပတ်သက်မှုက အကန့်အသတ်နဲ့သာ ဖြစ်ခဲ့သလို ရှီရစ်ဖ်နဲ့ပွဲစဉ်မှာလည်း ပွဲထွက်ခွင့်ရခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ် အသင်းက အရှက်ရဖွယ် ရှုံးနိမ့်ခဲ့ပါတယ်။ လီဗာပူးကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာလည်း ဟာဇက်က အရန်ခုံမှာသာ ထိုင်ခဲ့ရပြီး ပွဲထွက်ခွင့်မရခဲ့ပါဘူး။ ဆုဖလားတွေ၊ လစာတွေထက် ဘောလုံးကစားခြင်းကိုသာ ချစ်မြတ်နိုးတဲ့ ဟာဇက်အတွက် အပျော်တွေဆိုတာ မရှိတော့ပါဘူး။

အာဆင်နယ်နဲ့ပွဲမှာ ဟာဇက် သွင်းယူခဲ့တဲ့ တစ်ကိုယ်တော်သွင်းဂိုးမျိုး မမြင်ရတာ အတော်ကြာခဲ့ပါပြီ။ ၁၆နှစ်အရွယ်မှာ လိုင်လီအတွက် စတင်ပွဲထွက်ခွင့်ရခဲ့ပြီးနောက် ၁၆နှစ်အကြာမှာပဲ ဟာဇက်ရဲ့ ခန္ဓာကိုယ်က ဘောလုံးဆက်မကစားနိုင်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ သူ့ရဲ့ခြေကျင်းဝတ်တွေကလည်း ဘောလုံးဆက်ကစားဖို့အတွက် အခွင့်အရေးမပေးတော့ပါဘူး။ ဒါပေမယ့် မော်ဒန်ဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမားတစ်ဦးကို မြင်တွေ့ခဲ့ရတာနဲ့တင် ကျွန်တော်တို့ပရိသတ်တွေအတွက် ကံကောင်းလွန်းလှပါပြီ။

ဟာဇက်က ပရိသတ်တွေရဲ့ရင်ထဲမှာ ဘယ်တော့မှ မေ့မရနိုင်မယ့် ကစားသမားတစ်ဦး ဖြစ်နေတာဆိုတာ သေချာနေခဲ့ပါတယ်။

#အယ်ဒီတာအကြိုက် #ဟာဇက်