ရှေ့သို့
Image

မက္ကဆီကိုနဲ့ ပွဲစဉ်အတွင်း လူစားလဲလှယ်ခဲ့ရတဲ့ ပါတေးရဲ့အခြေအနေကို ထုတ်ဖော်ပြောပြလာတဲ့ ဂါနာနည်းပြ ဟတ်တန်

10:36 AM, 16 October

ယမန်နေ့(တနင်္ဂနွေနေ့)မနက်ပိုင်း၊ မက္ကဆီကိုနဲ့ရင်ဆိုင်ရတဲ့ ခြေစမ်းပွဲစဉ်အတွင်း လူစားလဲလှယ်ခဲ့ရတဲ့ ကွင်းလယ်လူပါတေးမှာ ဒဏ်ရာပြဿနာတစုံတရာ မရှိခဲ့ပါဘူးလို့ ဂါနာနည်းပြခရစ္စဟတ်တန်က အတည်ပြုပေးခဲ့ပါတယ်။

သြဂုတ်လအတွင်း ဖူလ်ဟမ်နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ အာဆင်နယ်အတွက် ပါဝင်ကစားပေးခဲ့တဲ့ ပါတေးဟာ ပေါင်ခြံဒဏ်ရာရရှိခဲ့ပြီး နောက်ထပ်ပွဲစဉ်ခြောက်ပွဲကို လွဲချော်ခဲ့ရပါတယ်။ လန်းစ်နဲ့ရင်ဆိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ အက်သလက်တီကိုမက်ဒရစ်ကြယ်ပွင့်ဟောင်းက အသင်းရဲ့ အရန်ခုံတန်းမှာ ပါဝင်လာခဲ့ပြီး အခုနိုင်ငံတကာသီတင်းပတ်မတိုင်ခင် မန်စီးတီးကို အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း အာဆင်နယ်အတွက် ပွဲချိန်နှောင်းပိုင်းမှာ ပါဝင်ကစားခဲ့ပါတယ်။

ဒီနောက်မှာတော့ ပါတေးက မက္ကဆီကို၊ အမေရိကန်တို့နဲ့ ရင်ဆိုင်ကစားရမယ့် ခြေစမ်းပွဲစဉ်တွေအတွက် ဂါနာအသင်းရဲ့လူစာရင်းမှာ ပါဝင်လာခဲ့ပြီး ယမန်နေ့မနက်ပိုင်းပွဲစဉ်မှာတော့ မက္ကဆီကိုက ပါတေးရဲ့ဂါနာကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အပြီး အသက်-၃၀ နှစ်အရွယ် ကစားသမားကို အနားပေးခဲ့ပေမယ့် ဂါနာနည်းပြကတော့ ဒဏ်ရာပြဿနာကြောင့် မဟုတ်ဘဲ ကစားသမားကို ပွဲချိန် ၄၅ မိနစ်သာ ကစားစေဖို့ ဆုံးဖြတ်ထားလို့ဖြစ်တယ်ဆိုတာ အခိုင်အမာထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သတင်းစာရှင်းလင်းပွဲအတွင်း ဟတ်တန်က “ပါတေးဟာ အမြဲတမ်းလိုလို ၄၅ မိနစ်လောက်ပဲ ကစားပေးရပါလိမ့်မယ်။ သူက သုံးလေးပတ်လောက်ကြာမြင့်တဲ့ ဒဏ်ရာပြဿနာရှိနေခဲ့သူပါ။ လွန်ခဲ့တဲ့သီတင်းပတ်လောက်မှ အာဆင်နယ်အသင်း အတွက် သူပြန်လာနိုင်ခဲ့ပြီး တစ်ပွဲမှာ အရန်ခုံထိုင်ခဲ့ရသလို နောက်တစ်ပွဲမှာလည်း ပွဲချိန်နှောင်းပိုင်းမိနစ် ၂၀ လောက်ပဲ ကစားခဲ့ရပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့က ပါတေးဟာ ၄၅ မိနစ်လောက်ပဲ ကစားရမယ်ဆိုတာ သိထားခဲ့ပါတယ်”လို့ ပြောပါတယ်။

လတ်တလော ပါတေးရဲ့ဒဏ်ရာမှတ်တမ်းတွေကြောင့် အာဆင်နယ်က ကွင်းလယ်ကစားသမားရဲ့ အခြေအနေကို စောင့်ကြည့်နိုင်ရေးအတွက် အကြောအဆစ်ကုထုံးကျွမ်းကျင်သူ ဆိုင်မွန်မာဖီကိုပါ ဂါနာဆီ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။

အာဆင်နယ်က အခုနိုင်ငံတကာသီတင်းပတ်အပြီး၊ ချဲလ်ဆီးနဲ့ အရေးကြီးပရီးမီးယားလိဂ်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။ အခုနိုင်ငံတကာသီတင်းပတ်အတွင်း ဆာကာနဲ့ ဆာလီဘာတို့က အင်္ဂလန်၊ ပြင်သစ်လက်ရွေးစင်အသင်းလူစာရင်းမှ အသီးသီးနုတ်ထွက်ခဲ့တာကြောင့် မြောက်လန်ဒန်အရပ်မှာပဲ အတူတကွ ရှိနေခဲ့ပါတယ်။

ဆာကာက လန်းစ်နဲ့ ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် မန်စီးတီးကို အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်ကတော့ စတမ်းဖို့ဘရစ်ချ်မှာ ချဲလ်ဆီးနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်အတွက် ဆာကာပါဝင်လာနိုင်ဖို့ မျှော်လင့်နေပါတယ်။

အလားတူ ဆာလီဘာကလည်း သီတင်းပတ်ပေါင်းများစွာခံစားခဲ့ရတဲ့ ခြေချောင်းဒဏ်ရာကြောင့် အခုနိုင်ငံတကာသီတင်းပတ်အတွက် ပြင်သစ်လက်ရွေးစင်အသင်းမှ နုတ်ထွက်ခဲ့ရပါတယ်။ သူ့ကိုလည်း ပိုချက်တီနိုရဲ့အသင်းနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ ပါဝင်လာနိုင်ဖို့ မျှော်လင့်ရပါတယ်။

#ဂါနာ #ပါတေး #မက္ကဆီကို #ခရစ္စဟတ်တန်