ရှေ့သို့
Image

နယ်သာလန်၊ ပေါ်တူဂီတို့ အနိုင်ရပြီး ဘယ်လ်ဂျီယံရဲ့ ပွဲစဉ်ရပ်ဆိုင်းလိုက်ရတဲ့ ယူရိုခြေစစ်ပွဲစဉ်များ

10:13 AM, 17 October

ယူရို-၂၀၂၄ ခြေစစ်ပွဲစဉ်တွေကို ဒီနေ့မနက်ပိုင်းမှာ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ နယ်သာလန်က နောက်ကျအနိုင်ဂိုးဖြင့် အနိုင်ရရှိခဲ့သလို ပေါ်တူဂီကလည်း ဂိုးပြတ်နိုင်ပွဲ ရှာဖွေနိုင်ခဲ့ပေမယ့် ဘယ်လ်ဂျီယံနဲ့ ဆွီဒင်တို့ရဲ့ပွဲစဉ်ကတော့ ပထမပိုင်း ပွဲချိန်အပြီးမှာပဲ ရပ်ဆိုင်းလိုက်ရပါတယ်။

ဒီနေ့မနက်ပိုင်းပွဲစဉ်တွေမှာတော့ နယ်သာလန်က ဂရိကို အနိုင်ယူကာ ယူရို-၂၀၂၄ ပြိုင်ပွဲဝင်ခွင့်မျှော်လင့်ချက်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ ပထမပိုင်း ပွဲချိန်အတွင်း ထောင့်ကန်ဘောပေးပို့မှုဂိုးရယူဖို့ ကြိုးစားတဲ့ ဗန်ဒိုက်ကို ဂရိနောက်ခံလူကူလီရာကစ်က ဆွဲထားခဲ့လို့ ပယ်နယ်တီရရှိခဲ့ပါတယ်။

ဒါပေမယ့် ရရှိလာတဲ့ပယ်နယ်တီကို ဝက်ဂ်ဟော့ အဆုံးသတ်ကန်သွင်းရာ ကန်ချက်က ညံ့ဖျင်းလွန်းခဲ့လို့ ဂရိဂိုးသမားကာကွယ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာလည်း ရလဒ်ပိုင်းက မပြောင်းလဲခဲ့ဘဲ သာမန်ပွဲကစားချိန် ကုန်လွန်ပြီးနောက် နာကျင်အချိန်ပိုမှာ နယ်သာလန် တောင်ပံကစားသမား ဒမ်ဖရီးစ်ကို ဂရိကစားသမားပက်ဗ်လီဒီစ် ကစားပုံကြမ်းတမ်းခဲ့လို့ ရော်နယ်ကိုးမန်းရဲ့အသင်းဟာ အခုပွဲစဉ်အတွင်း ဒုတိယမြောက်ပယ်နယ်တီ ရရှိခဲ့ပါတယ်။

ဒီပယ်နယ်တီကိုတော့ အသင်းခေါင်းဆောင်ဗန်ဒိုက်က အမှားအယွင်းမရှိကန်သွင်းပြီး အဖိုးတန်နိုင်ပွဲရရှိစေရန် ကူညီပေးခဲ့ပါတယ်။ ဆက်လက်ပြီး နယ်သာလန်အတွက် တတိယမြောက်ပယ်နယ်တီဖြစ်လာမယ့်အခွင့်အရေးကို VAR က ပြန်လည်သုံးသပ်နေချိန်မှာ အပြင်းအထန်စောဒကတက်ခဲ့တဲ့ ဂရိနည်းပြ ဂတ်စ်ပိုယက်ကို ကွင်းလယ်ဒိုင်က အနီကတ်ပြထုတ်ပယ်ခဲ့ပါတယ်။

ပွဲပြီးချိန်မှာတော့ အဝေးကွင်းမှာ လာရောက်ကစားတဲ့ နယ်သာလန်က အိမ်ရှင်ဂရိကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ဘော့စနီးယားနှင့် ဟာဇီဂိုဗီနာကို ဂိုးပြတ်အနိုင်ကစားတဲ့ နာမည်ကြီးပေါ်တူဂီကလည်း ယူရိုခြေစစ်ပွဲစဉ် ၈ ပွဲဆက်အနိုင်ရလဒ်ဖြင့် အုပ်စုပထမနေရာမှာ ရပ်တည်နေပါတယ်။

အခုပွဲစဉ်အတွင်း ပေါ်တူဂီအတွက် သွင်းဂိုးတွေကို ပထမပိုင်းပွဲချိန်တွေမှာ စီရော်နယ်ဒိုက နှစ်ဂိုး(ပင်နယ်တီတစ်ဂိုးပါဝင်)၊ ဘရူနိုဖာနန်ဒက်ဇ်၊ ကန်ဆယ်လိုနဲ့ ဂျာအိုဖီးလစ်တို့က တစ်ဂိုးစီ သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာတော့ ပေါ်တူဂီနည်းပြ မာတီနက်ဇ်က လူစားလဲလှယ်မှုတွေ ပြုလုပ်ခဲ့ပေမယ့် နောက်ထပ်သွင်းဂိုးတွေ မရှာဖွေနိုင်ခဲ့လို့ ပွဲပြီးချိန်မှာ ပေါ်တူဂီက ၅-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

ဘရပ်ဆဲလ်မြို့မှာ ဘယ်လ်ဂျီယံနဲ့ ဆွီဒင်တို့ ယှဉ်ပြိုင်ကစားတဲ့ပွဲစဉ်ကတော့ ပွဲချိန်ထက်ဝက်မှာပဲ ရပ်ဆိုင်းလိုက်ရပါတယ်။ ပထမပိုင်း ပွဲချိန်အတွင်း ဆွီဒင်ကွင်းဘက်ခြမ်းမှာ ဘာကာယိုကို ဘောလုံးဆုံးရှုံးသွားပြီးနောက် ဂျီယိုကာရက်စ်က တစ်ကိုယ်တော်စွမ်းရည်ဖြင့် ဧည့်သည်တွေ အတွက် ဦးဆောင်ဂိုးရယူခဲ့ပါတယ်။

ဒီနောက်မှာတော့ ဆွီဒင်ဂိုးဧရိယာအတွင်း ဟယ်လန်ဒါက မန်ဂါလာကို ကစားပုံကြမ်းတမ်းခဲ့လို့ အိမ်ရှင်တို့ ပယ်နယ်တီကန်ခွင့်ရရှိခဲ့ပါတယ်။ ဒီပယ်နယ်တီကိုပုံစံကောင်းပြသနေတဲ့လူကာကူက အမှားအယွင်းမရှိကန်သွင်းကာ ဘယ်လ်ဂျီယံအတွက် ချေပဂိုး ရယူခဲ့ပါတယ်။

ပထမပိုင်း ပွဲချိန်အပြီးမှာတော့ ဘယ်လ်ဂျီယံနဲ့ ဆွီဒင်တို့ တစ်ဖက်တစ်ဂိုးစီ သရေ ရလဒ်ထွက်ပေါ်ခဲ့ပြီး ကွင်းပြင်ပပစ်ခတ်မှုဖြစ်စဉ်တွေကြောင့် ပွဲကို ရပ်ဆိုင်းထားဖို့ တာဝန်ရှိသူတွေက ဆုံးဖြတ်ခဲ့ကြပါတယ်။

ပွဲပြီးရလဒ်များ
---------------
ဂရိ ဝ-၁ နယ်သာလန်
ဘယ်လ်ဂျီယံ ၁-၁ ဆွီဒင် (ပွဲစဉ်ရပ်ဆိုင်း)
ဘောစနီးယားနှင့် ဟာဇီဂိုဗီနာ ဝ-၅ ပေါ်တူဂီ
ဂျီဘရော်လ်တာ ဝ-၄ အိုင်ယာလန်
အဇာဘိုင်ဂျန် ဝ-၁ သြစတြီးယား
အိုက်စလန် ၄-၀ လက်ချင်စတိန်း
လူဇင်ဘော့ ဝ-၁ ဆလိုဗက်ကီးယား

#နယ်သာလန် #ပေါ်တူဂီ #ဘယ်လ်ဂျီယံ ယူရို၂၀၂၄ခြေစစ်ပွဲ