ရှေ့သို့
Image

ဘောလုံးကမ္ဘာမှာ မပျော်ရွှင်တာကြောင့် အနားယူခဲ့တာဖြစ်တယ်လို့ ထုတ်ပြောလာတဲ့ ဟာဇက်

11:03 AM, 19 October

ဘောလုံးကစားရတာ မပျော်ရွှင်တော့သလို ပိုက်ဆံရှာဖို့အတွက် တစ်နေရာရာမှာ ဆက်ကစားဖို့ ဆန္ဒမရှိတာကြောင့် ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှ အနားယူဖို့ဆိုတဲ့ ဆုံးဖြတ်ချက်ကို ရိုးရိုးရှင်းရှင်းပဲ ချမှတ်ခဲ့တယ်လို့ ရီးရဲလ်မက်ဒရစ်နဲ့ ချဲလ်ဆီး ကစားသမားဟောင်း ဟာဇက်က ထုတ်ပြောလိုက်ပါတယ်။

အခုနွေရာသီမှာ ရီးရဲလ်မက်ဒရစ်နဲ့စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် အသင်းမှ ထွက်ခွာလာတဲ့ အသက်-၃၂ နှစ်အရွယ် ကစားသမားက လွန်ခဲ့တဲ့သီတင်းပတ် အတွင်းမှာပဲ ကစားသမားဘဝအနားယူပြီလို့ တရားဝင်ကြေညာလိုက်ပါတယ်။ ယမန်နေ့(ဗုဒ္ဓဟူးနေ့)ညပိုင်း၊ ပြင်သစ်နိုင်ငံ၊ ကလိုင်းစ်မြို့ရှိ ရန်ပုံငွေဘောလုံးပွဲတစ်ခုမှာတော့ ဟာဇက်က သူ့ရဲ့ခြေစွမ်းကောင်းတွေကို ပြန်လည် အသက်သွင်းပြီး တစ်ဂိုးသွင်း၊ သုံးဂိုးဖန်တီးကာ ခြေစွမ်းပြခဲ့ပါတယ်။

ရောဘတ်ပီရက်စ်၊ ဒက်စ်ချမ့်စ်တို့လို ပြင်သစ်ဂန္တဝင်ကစားသမားကြီးတွေနဲ့ တွဲဖက်ကစားခဲ့ရတဲ့ ဖိအားနည်းပါးလှတဲ့ပွဲစဉ်မှာ ဟာဇက်က အပြုံးပန်းတွေ ဝေဆာနေခဲ့ပြီး သူ့ရဲ့နှလုံးသားဟာ အခြားတစ်နေရာမှာ ရောက်ရှိနေပြီလို့ ရှင်းပြလာပါတယ်။

L’Avenir သတင်းစာနဲ့တွေ့ဆုံချိန် ဟာဇက်က “ကျွန်တော် အမြဲတမ်းပြောခဲ့ဖူးသလို ဘောလုံးကွင်းထဲမှာ ပျော်ရွှင်မှုတွေ မရှိတော့ဘူးဆိုရင် ကျွန်တော် ကစားနေတာကို ရပ်တန့်ရပါလိမ့်မယ်ဆိုတာပါပဲ။ ငွေကြေးအတွက် နေရာတစ်ခုမှာ သွားကစားဖို့ဆိုတာကိုလည်း ကျွန်တော် မသွားချင်ခဲ့ပါဘူး။ အရမ်းကောင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့ပါတယ်။ လေ့ကျင့်ရေးဆင်းရတာ မပျော်ရွှင်တော့သလို ကစားရတာလည်း မပျော်ရွှင်တော့လို့ပါ။ ဆုံးဖြတ်ချက်ကတော့ ရိုးရိုးလေးပါပဲ။ ဘဝမှာ အရာရာတိုင်းက ရှင်းမပြနိုင်ပါဘူး။ ကျွန်တော် အခု ငြိမ်းချမ်းနေပါပြီ။ ပျော်ရွှင်နေပါပြီ။ ကျွန်တော့်အတွက် ဘောလုံးကမ္ဘာပြင်ပမှာ လုပ်စရာအလုပ်တွေ အများကြီး ရှိနေပါသေးတယ်။ ဒါကြောင့် ကျွန်တော် တည်ငြိမ်းအေးချမ်းတဲ့ ရွေးချယ်မှုတစ်ခုကို လုပ်နိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် ဟာဇက်က အခုအချိန်မှာ ဘယ်လ်ဂျီယံပြည်တွင်းကလပ်တစ်ခုအတွက် ကစားပေးရမယ်ဆိုရင် ဇာတ်လမ်းကောင်းတစ်ခု ဖြစ်လာဖို့ ရှိနေပေမယ့် အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာတော့ အဓိပ္ပါယ်မရှိတဲ့ သတင်းတွေ အများကြီးထွက်ပေါ်ခဲ့တယ်လို့ ဆက်ပြောခဲ့ပါတယ်။ ဟာဇက်ရဲ့အမွေအနှစ်ကို ထုတ်ဖော်ပြသဖို့တော့ အမြဲတမ်းရှုပ်ထွေးနေပါလိမ့်မယ်။

လိုင်လီ၊ ချဲလ်ဆီး၊ ရီးရဲလ်မက်ဒရစ်တို့နဲ့အတူ သူက အမှတ်ပေးချန်ပီယံဆု ငါးကြိမ်တိုင်ရရှိခဲ့သလို ချန်ပီယံလိဂ်ဖလား တစ်ကြိမ်၊ ယူရိုပါလိဂ် နှစ်ကြိမ်နဲ့ ပြည်တွင်းရှုံးထွက်ဖလားများစွာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ တစ်ဦးချင်းအောင်မြင်မှုအဖြစ် ၂၀၁၄-၂၀၁၅ ဘောလုံးရာသီအတွင်း PFA တစ်နှစ်အကောင်းဆုံး ဘောလုံးသမားဆုနဲ့ ပရီးမီးယားလိဂ်တစ်ရာသီစာအကောင်းဆုံး ဘောလုံးသမားဆုကို ရရှိခဲ့ပါတယ်။

ချဲလ်ဆီးကစားသမားဘဝမှာ ဟာဇက်က ၃၅၂ ပွဲကစား၊ ၁၁၀ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၉၂ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူက စပိန်မြို့တော်ဆီ ထွက်ခွာဖို့ မဆုံးဖြတ်ခဲ့သင့်ပါဘူး။ ရီးရဲလ်မက်ဒရစ် ကစားသမားဘ၀ လေးရာသီအတွင်း မတူညီတဲ့ဒဏ်ရာပြဿနာ ၁၈ ကြိမ်အထိ တွေ့ကြုံခဲ့ရသလို ၇၆ ပွဲမှာ ၇ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါက လန်ဒန်နဲ့ လိုင်လီမှာ တောက်ပခဲ့တဲ့ သူ့ရဲ့စွမ်းဆောင်ရည်နဲ့နှိုင်းယှဉ်ရင် အတော်လေးကို ကွာခြားလွန်းနေခဲ့ပါတယ်။

ဒါကြောင့်ပဲ ကစားသမားဘဝအနားယူသွားဖို့ ဆုံးဖြတ်ချက်ဟာ သူ့အတွက် အဓိပ္ပါယ်ရှိခဲ့ပါတယ်။ ပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့ပါးပါး ကစားရချိန် ဟာဇက်က အကောင်းဆုံးပုံစံမှာ ရှိနေခဲ့ပေမယ့် ဒါတွေ မရှိတော့ချိန်မှာတော့ သူ့အတွက် ဘောလုံးကစားခြင်းက အဓိပ္ပါယ်မရှိတော့ပါဘူး။

#ချဲလ်ဆီး #ဟာဇက် #ပရီးမီးယားလိဂ်