ရှေ့သို့
Image

၂၂ နှစ်အတွင်း ဘရာဇီးကို ပထမဆုံးအကြိမ် အနိုင်ယူနိုင်ဖို့ ကူညီပေးခဲ့ရမှုအပေါ် ခံစားချက်ကို မျှဝေလာတဲ့ ဒါဝင်နူနက်ဇ်

1:49 PM, 19 October

ပြီးခဲ့တဲ့အင်္ဂါနေ့၊ ၂၀၂၆ ကမ္ဘာ့ဖလား (တောင်အမေရိကဇုန်)ခြေစစ်ပွဲစဉ်အဖြစ် နာမည်ကြီး ဘရာဇီးကို ဥရုဂွေးအသင်းက အနိုင်ယူနိုင်ဖို့ ကူညီပေးနိုင်ခဲ့ပြီနောက် လီဗာပူးကြယ်ပွင့်ဒါဝင်နူနက်ဇ်က သူ့ရဲ့ကြည်နူးမှုတွေကို မျှဝေလာခဲ့ပါတယ်။

Centenario ကွင်းကြီးမှာကစားခဲ့တဲ့ ပွဲစဉ်အတွင်း ပထမပိုင်းပွဲချိန်ပြီးဆုံးခါနီးမှာ နူနက်ဇ်က ဥရုဂွေးအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲချိန်အတွင်း ဒီလာခရုဇ်က နောက်ထပ်သွင်းဂိုးရှာဖွေပေးနိုင်လို့ အိမ်ရှင်တို့ နှစ်ဂိုးပြတ်နိုင်ပွဲတစ်ခုကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။

ဒီနိုင်ပွဲက ၂၂ နှစ်အတွင်း ဘရာဇီးကို ဥရုဂွေးက ပထမဆုံးအကြိမ် အနိုင်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ အခုပွဲစဉ်အပြီးမှာတော့ နူနက်ဇ်က သူ့ရဲ့အတွေးအမြင်တွေကို ဝေမျှလာခဲ့ပါတယ်။

“ကိုလံဘီယာနဲ့ပွဲစဉ်အပြီးမှာ ကျွန်တော်တို့ အခုပွဲစဉ်အကြောင်း စပြောဖြစ်ခဲ့ပါတယ်။ ဘရာဇီးအသင်းက အဓိကပြိုင်ဘက်ဖြစ်သလို ရင်ဆိုင်ဖို့လည်း ခက်ခဲပါတယ်။ ဒါပေမယ့် ပွဲချိန်အတွင်း တိုက်စစ်ပိုင်းရော၊ ခံစစ်ပိုင်းမှာပါ ကျွန်တော်တို့က အကောင်းဆုံး ကစားနိုင်ခဲ့ပြီး အနိုင်ရရှိခဲ့ပါတယ်။ ကျွန်တော်တို့တွေ ဘရာဇီးကို အနိုင်မရတာ ၂၂ နှစ် ရှိခဲ့ပါပြီ။ သူတို့က အရမ်းတောင့်တင်းတဲ့အသင်းဆိုတာ ရှင်းပါတယ်။ ကျွန်တော်တို့မှာ သမိုင်းသစ်ရေးထိုးပြီး အောင်ပွဲခံနိုင်မယ့် အခွင့်အရေးရှိခဲ့တယ်။ ကျွန်တော်ဆိုရင်လည်း ကွင်းပြင်ပမှာ အရာရာတိုင်းကို ထားခဲ့ပြီး တိုက်ပွဲဝင်ခဲ့ပါတယ်။ ဒီနေ့ကတော့ အမှတ်ရစရာနေ့ရက်တစ်ခုဖြစ်ခဲ့တယ်လို့ ကျွန်တော် တွေးမိပါတယ်။ ဒါကြောင့် အခုနိုင်ပွဲနဲ့အတူ ကျွန်တော် ပျော်ရွှင်ကျေနပ်မိပါတယ်”လို့  ဒါဝင်နူနက်ဇ်က ပြောပါတယ်။

အခုနိုင်ပွဲနဲ့အတူ ဥရုဂွေးက၂၀၂၆ကမ္ဘာ့ဖလား(တောင်အမေရိကဇုန်)ခြေစစ်ပွဲ အမှတ်ပေးဇယားဦးဆောင်သူ အာဂျင်တီးနားရဲ့နောက် ငါးမှတ်အကွာဖြင့် အမှတ်ပေးဇယားဒုတိယနေရာအထိ တက်လှမ်းလာခဲ့ပါတယ်။ ဒါဝင်နူနက်ဇ်က လီဗာပူးအသင်းအတွက်လည်း အခုဘောလုံးရာသီမှာ ပုံစံကောင်းတွေ ပြသနေပါတယ်။ သူက အန်ဖီးလ်ကလပ်အတွက် ပြိုင်ပွဲစုံ ၁၀ ပွဲကစား၊ လေးဂိုးသွင်း၊ ဂိုးဖန်တီးမှု သုံးကြိမ် စွမ်းဆောင်ထားပါတယ်။

#ဘရာဇီး #ဥရုဂွေး #ဒါဝင်နူနက်ဇ်