ရှေ့သို့
Image

မက်ဆီ နူးကမ့်သို့ပြန်လာပြီး နှုတ်ဆက်ပွဲကစားမယ်လို့ ဘာစီလိုနာအတည်ပြု

1:20 PM, 20 October

ဘာစီလိုနာအသင်းရဲ့ဥက္ကဌ လာပေါ်တာအပါအဝင် အားကစားဒါရိုက်တာဒီကိုနဲ့ အသင်းရဲ့ခေါင်းဆောင်ပိုင်းတာဝန်ရှိသူတွေက နူးကမ့်ကိုပြန်လည်မွမ်းမံပြီးနောက် အသင်းရဲ့အမွေအနှစ်ဖြစ်တဲ့ ဂန္ထဝင်ကစားသမားဟောင်း လီယွန်နယ်မက်ဆီကို ဂုဏ်ပြုသောအားဖြင့် နှုတ်ဆက်ပွဲကစားစေမှာဖြစ်တယ်လို့အတည်ပြုလာခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှာ လာပေါ်တာဟာ ကတ်တလန်အသင်းကို ဒုတိယအကြိမ်အုပ်ချုပ်ခွင့်ရရှိပြီးနောက် မကြာမီမှာပဲ မက်ဆီဟာ အသင်းကနေ ထွက်ခွာလာခဲ့တာဖြစ်ပါတယ်။ မဲဆွယ်စည်းရုံးရေးလမ်းကြောင်းပေါ်ရှိ ၎င်းရဲ့လုပ်ပိုင်ခွင့်တစ်စိတ်တစ်ပိုင်း အနေဖြင့် လာပေါ်တာဟာ မက်ဆီကို စာချုပ်သက်တမ်းတိုးရန် ကတိပေးခဲ့သော်လည်း ဘဏ္ဍာရေးဆိုင်ရာပြဿနာများ ပေါ်ပေါက်လာတဲ့အခါမှာတော့ သက်တမ်းဖို့ပျက်ကွက်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် အာဂျင်တီးနားလက်ရွေးစင်ကစားသမားဟာ ပြင်သစ်ကလပ် ပီအက်စ်ဂျီသို့ ၂ နှစ်စာချုပ်နဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီနဲ့စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် ပြီးခဲ့တဲ့နွေရာသီမှာ မက်ဆီဟာ ဘာစီလိုနာသို့ပြန်လည် ရောက်ရှိတော့မယ်လို့ ကောလာဟလတွေ ထွက်ပေါ်လာခဲ့သေးပါတယ်။ ထို့နောက်မှာတော့ ဆော်ဒီကလပ် အယ်လ်ဟီလယ်ရဲ့ ကြီးမားတဲ့ ကမ်းလှမ်းချက်ကိုငြင်းပယ်ကာ တောင်အမေရိကသားဟာ မေဂျာလိဂ်ကလပ် ဒေးဗစ်ဘက်ခမ်းရဲ့ အင်တာမီယာမီကိုသာရွေးချယ်ခဲ့ပါတယ်။

မေဂျာလိဂ်ရာသီအကုန်မှာ မက်ဆီဟာ ၎င်းရဲ့အသင်းဖော်ဟောင်း ဇာဗီနဲ့ချိတ်ဆက်ပြီး ဘာစီလိုနာသို့ ကာလတိုအငှားနဲ့ပြန်လည် ရောက်ရှိလာမယ်လို့ သတင်းများ ထွက်ပေါ်ခဲ့ပေမယ့် မက်ဆီဟာ အဆိုပါကောလာဟလတွေကို ငြင်းဆိုထားခဲ့ပါတယ်။ သို့သော်လည်း ယခုအခါ လာပေါ်တာနဲ့ ဒီကိုတို့ရဲ့အတည်ပြုချက်အရ မက်ဆီဟာ နူးကမ့်မှာပြန်လည်ခြေစွမ်းပြဖို့ အခွင့်အရေးပေါ်လာခဲ့ပြီဖြစ်ပါတယ်။

အားကစားဒါရိုက်တာ ဒီကိုက Lance သတင်းစာသို့ “မက်ဆီဟာ ကလပ်ရဲ့သမိုင်းမှာ အကြီးကျယ်ဆုံးကစားသမားပါ။ ကလပ်မှာ  ဂျိုဟန်ခရိုက်ဖ်၊ ရော်နယ်ဒိုတို့လို ကြီးကျယ်တဲ့ကစားသမားတွေ ရှိခဲ့ပေမယ့် မက်ဆီက အားလုံးထဲမှာ အကြီးကျယ်ဆုံးဖြစ်နိုင်ပါတယ်။ သူ ဘာစီလိုနာမှာ နှုတ်ဆက်ပွဲကစားမှာသေချာပေမယ့် ဘယ်တော့ကစားရမလဲဆိုတာတော့ ကျွန်တော်တို့မသိသေးပါဘူး။ သူ့အနေနဲ့ နောက်ထပ်နှစ်တွေအများကြီးဘောလုံးကစားနိုင်ဖို့မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဘောလုံးအားကစားကိုကြိုက်တဲ့လူတွေက သူ့ကိုကြိုက်ကြပြီး သူပျော်ပျော်ရွှင်ရွှင်ကစားနေတာကို မြင်ချင်နေကြတုန်းပါ” လို့ပြောကြားခဲ့ပါတယ်။

လာပေါ်တာကလည်း မက်ဆီကို နူးကမ့်သို့ပြန်လည်ခေါ်ယူနိုင်ရန်ဖြစ်နိုင်ချေရှိတဲ့ ရက်စွဲ ၂ ခုနဲ့ကမ်းလှမ်းဖို့ကြိုးပမ်းခဲ့ပြီး အဆိုပါကိစ္စနဲ့ပတ်သက်ပြီး မက်ဆီရဲ့အသင်းနဲ့ ဆွေးနွေးခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ၎င်းက “မက်ဆီအနေနဲ့ နူးကမ့်ရဲ့အဖွင့်ပွဲစဉ်မှာ ပါဝင်နိုင်ခဲ့ရင် အရမ်းကောင်းမှာပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့ဆွေးနွေးထားပါတယ်။ ၂၀၂၆ ခုနှစ် ဇွန်လမှာဆိုရင်တော့ နူးကမ့်က ပြီးပါပြီ။  ပြီးတော့ ကျွန်တော်တို့ ၂၀၂၄ နိုဝင်ဘာမှာလည်းပြန်လာမှာပါ။ အဲဒါကလည်း အရေးကြီးတဲ့နေ့စွဲတစ်ခုဖြစ်လာနိုင်ပါတယ်။ စောင့်ကြည့်ကြတာပေါ့။ ကျွန်တော်ကတော့ ဒါကိုအကောင်အထည်ဖော်နိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #လာပေါ်တီ #မက်ဆီ