ရှေ့သို့
Image

ပါတေးရဲ့ဒဏ်ရာ ရရှိတဲ့စံချိန်က ကြီးမားတဲ့စိုးရိမ်စရာဖြစ်တယ်လို့ အာတီတာ ဝန်ခံပြောကြား

10:58 AM, 1 November

အာဆင်နယ်နည်းပြ အာတီတာက ပါတေးရဲ့ဒဏ်ရာ ရရှိတဲ့စံချိန်က ကြီးမားတဲ့စိုးရိမ်စရာဖြစ်တယ်လို့ ဝန်ခံပြောကြားလိုက်ပြီး အခုချိန်မှာလည်း ဂါနာသားဟာ ကြွက်သားဒဏ်ရာရရှိနေတာဖြစ်ပါတယ်။

အသက် ၃၀ အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့အပတ် တနင်္လာနေ့တုန်းက ဆီဗီလာအသင်းနဲ့ ကစားမယ့်ချန်ပီယံလိဂ်ပွဲ အတွက် လေ့ကျင့်ခန်းဆင်းနေတုန်းမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ အခြားစစ်ဆေးချက်တွေလည်း ပြုလုပ်ဖို့ ပြင်ဆင်နေပြီး သတင်းတွေအရ အသင်းဘက်က ပါတေးတစ်ယောက် ဒီဇင်ဘာမတိုင်ခင်အထိ နားရမှာကို စိုးရိမ်နေပါတယ်။

အပြောင်းအရွှေ့ဈေးကွက်အချက်အလက်တွေအရ ပါတေးတစ်ယောက် တီကိုအသင်းမှာတုန်းက ၅ နှစ်အတွင်း ၆ ပွဲသာ လွဲချော်ခဲ့ပေမယ့် အာဆင်နယ်ကို ပြောင်းပြီးချိန်မှာတော့ ၃ နှစ်အတွင်း ၉ ကြိမ်မြောက်အထိ လွဲချော်ခဲ့ကာ အာဆင်နယ် နဲ့ ဂါနာ ၂ သင်းပေါင်း ပွဲ ၅၀ ကျော်လောက်အထိ လွဲချော်ခဲ့ပါတယ်။

“ပါတေးဒဏ်ရာအခြေအနေက ကြီးမားတဲ့စိုးရိမ်စရာပါ။ ဘာလို့လဲဆိုတော့ ပါတေးကြံ့ခိုင်မှုပြည့်ဝရင် အသင်းနဲ့အတူ ပါဝင်နိုင်ရင် ရလဒ်ပိုင်းကော အသင်းအပေါ်ဘယ်လောက်အထိ အကျိုးပြုလဲဆိုတာကို မြင်နိုင်ပါတယ်။
ဒီရာသီမှာတော့ ပိုပြီးကာကွယ်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ ၂ ရာသီတုန်းက ဒီလိုမျိုးတွေနဲ့ ကြုံခဲ့ရပြီးတာကြောင့်ပါ။ အခုလည်း ဖြစ်နေသလို ဘောလုံးမှာက ဒီလိုမျိုးဖြစ်နိုင်ပါတယ်။ ကျွန်တော် သူ့အတွက်တော့ စိတ်မကောင်းဖြစ်မိပါတယ်။ ဘာလို့လဲဆိုတော့ သူက အရာတစ်ခုချင်းစီတိုင်းကို အကောင်းဆုံး လုပ်ဆောင်နေတာပါ။ သူဒဏ်ရာရရှိခဲ့ပါတယ်။ ကျွန်တော်တို့အားလုံး သူ့အတွက်ရှိပါတယ်။ သူ့ကိုယ်သူပြန်လည်တည်ဆောက်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ကလည်း သူ့ဘေးမှာ ဝန်းရံပေးမှာပါ။ ရက်အနည်းငယ်လောက်နားရမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘယ်လောက်ကြာမလဲဆိုတာတော့ မသိသေးပါဘူး”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

အာတီတာက  ဆီဗီလာနဲ့ပွဲမှာ ဒဏ်ရာ ရရှိခဲ့တဲ့ ဂျီးဆပ်စ်ရဲ့အခြေအနေကိုလည်း ပြောကြားခဲ့ပြီး ရက်သတ္တပတ်အနည်းငယ်လောက် နားရနိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

“သူ့အတွက်တော့ အချိန်ဘယ်လောက်ဆိုတာ ကျွန်တော်ပြောမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် တစ်ကြိမ်လုပ်ခဲ့ပြီးပါပြီ။ အဲ့တာက လုံးဝမှားယွင်းခဲ့ပါတယ်။ ကျွန်တော်တို့ စိတ်ရှည်ဖို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ သူ့ကိုမှန်ကန်တဲ့ကုသနည်းနဲ့လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် သူက အခြားသူတွေလို တွန်းအားပေးလုပ်ဆောင်ပြီးပါပြီ။ သူလျင်လျင်မြန်မြန်ပြန်လာချင်သလို ကျွန်တော်တို့လည်း သူ့ကိုလိုအပ်ပါတယ်။ အဲ့တာက ကောင်းပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ ဒီနေ့ညမှာ ကာရာဘောင်ဖလားပွဲအဖြစ် ဝက်စ်ဟမ်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့နောက် စနေနေ့မှာ နယူးကာဆယ်နဲ့ အဝေးကွင်းပွဲဆက်ကန်ရမှာဖြစ်ပါတယ်။

#အာတီတာ #ဂါနာ #အာဆင်နယ် #ပါတေး #ပရီးမီးယားလိဂ်