ရှေ့သို့
Image

ပေါင်သိန်းချီတန် အဖိုးတန်မော်တော်ကားတွေကို စုဆောင်းထားတဲ့ ဘိုင်ယန်စတား ဟယ်ရီကိန်း

4:47 PM, 1 November

ဂျာမနီနိုင်ငံရှိ ဆုဖလားအချို့ကို သိမ်းပိုက်နိုင်ရေး ကြိုးစားဖို့အတွက် ဟယ်ရီကိန်းက အခုနှစ်နွေရာသီကာလအတွင်း ဗြိတိန်ကျွန်းစုမှ ထွက်ခွာသွားခဲ့ပါတယ်။ ဒါပေမယ့် အင်္ဂလန်အသင်းခေါင်းဆောင်ရဲ့စိတ်ထဲမှာတော့ ဗြိတိန်နိုင်ငံသားဖြစ်ရတာ အမြဲတမ်းဂုဏ်ယူနေပါလိမ့်မယ်။

အသက်-၃၀ နှစ်အရွယ်တိုက်စစ်မှူးက ငယ်ဘဝကလပ်တော့တင်ဟမ်နဲ့ စာချုပ်သက်တမ်းတစ်နှစ် ကျန်ရှိနေသေးပေမယ့် နိုင်ငံရပ်ခြားမှာ စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ဖို့ လိုအပ်နေမှုကို ခံစားသိရှိခဲ့ပါတယ်။ ဒါပေမယ့် ဟယ်ရီကိန်းကတော့ သူ့ရဲ့ကိုယ်ပိုင်ကားအများစုကို မြူးနစ်မြို့ဆီ သယ်ဆောင်လာဖို့ ရှိပေမယ့် ကလပ်အသင်းသစ်ရဲ့ လေ့ကျင့်ရေးကွင်းအထိတော့ ယူဆောင်လာခွင့် မရှိပါဘူး။

၂၀၀၂ ခုနှစ်အတွင်းမှာ ဘိုင်ယန်မြူးနစ်က ဂျာမန်မော်တော်ကားကုမ္ပဏီ Audi နဲ့ အလွန်တရာစွဲဆောင်မှုရှိတဲ့ စပွန်ဆာစာချုပ်တစ်ခု ချုပ်ဆိုခဲ့ပါတယ်။ ဒီစာချုပ်အရ ဘိုင်ယန်မြူးနစ်ကစားသမားတွေနဲ့ ဝန်ထမ်းတွေဟာ အသင်းဆီ ရောက်ရှိလာချိန်မှာပဲ ကိုယ့်စိတ်ကြိုက်အလန်းစား Audi မော်တော်ကားတစ်စီးကို ရွေးချယ်ခွင့်ရှိနေပါလိမ့်မယ်။

ဒါကြောင့် ဟယ်ရီကိန်းကလည်း ဘိုင်ယန်မြူးနစ်ဆီ ရောက်ရှိချိန်မှာ ပေါင် ၅၈,၀၀၀ တန် Audi Q8 e-tron မော်တော်ကားကို ရွေးချယ်ခဲ့ပါတယ်။ ဒီအလန်းစားမော်တော်ကားကို အင်္ဂလန်တိုက်စစ်မှူးက ဘိုင်ယန်မြူးနစ် လေ့ကျင့်ရေးကွင်းနဲ့ အလိုင်းယန့်ဇ်အရီနာကွင်းအတွင်း ယှဉ်ပြိုင်ကစားရမယ့် ပွဲစဉ်တွေရှိတဲ့ ပွဲနေ့တွေမှာ စီးနင်းသွားပါလိမ့်မယ်။ ဒီလိုမျိုး မစီးနင်းဘူးဆိုရင်တော့ သူ့ကို ရေနွေးပူကန်ထဲပစ်ချကြပါလိမ့်မယ်။ ဒီအတွေ့အကြုံကိုတော့ သူက ကိုးမန်းဆီ မေးကြည့်နိုင်ပါတယ်။

၂၀၂၀ ပြည့်နှစ်အတွင်း ပြင်သစ်တောင်ပံကစားသမားက လေ့ကျင့်ရေးကွင်းဆီ ပေါင် ၁၇၄,၀၀၀ တန် McLaren မော်တော်ကား မောင်းနှင်ရောက်ရှိလာခဲ့ပါတယ်။ ဒါကြောင့် ကိုးမန်းကို လေ့ကျင့်ရေးကွင်းရှိ ကားပါကင်အတွင်း ဝင်ရောက်ခွင့် မပေးခဲ့ပါဘူး။ ဒါကြောင့် ကိုးမန်းဟာ လမ်းဘေးမှာပဲ ကားရပ်ခဲ့ရပါတယ်။

ဒီနောက်မှာတော့ သူ့ကို ဒဏ်ငွေပေါင် ၄၃,၅၀၀ ချမှတ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် Volkwagon အုပ်စုအတွင်းရှိ အခြားမော်တော်ကားအမှတ်တံဆိပ်တွေကိုတော့ လက်ခံပေးမယ်လို့ ယူဆရတာကြောင့် ဟာရီကိန်း အတွက် Bentley၊ Bugatti (သို့မဟုတ်) Porsche တို့လို မော်တော်ကားအမျိုးအစားတွေက အဆင်ပြေစေပါလိမ့်မယ်။

ဘာကြောင့် e-tron ကို ရွေးချယ်ခဲ့တာလဲလို့ မေးမြန်းလာချိန် ဟယ်ရီကိန်းက “မိသားစုနဲ့အတူစီးဖို့ ဆုံးဖြတ်ခဲ့တာပါ။ အခု ကျွန်တော့်မှာ ရင်သွေးလေးဦးရှိလို့ နေရာကျယ်ဝန်းတဲ့မော်တော်ကား လိုအပ်နေပါတယ်။ ကိုယ့်ဆီမှာရှိတဲ့ မော်တော်ကားတွေနဲ့ ကြိုးစားကြည့်ပြီးပါပြီ။ ဒါပေမယ့် ကားအသစ်နဲ့တော့ စမ်းမကြည့်ရသေးဘူး”လို့ ရှင်းပြခဲ့ပါတယ်။

မိမိကိုယ်ကို သုံးသပ်ခြင်း
------------------------
ဟယ်ရီကိန်းမှာ Bentley မော်တော်ကားတစ်စီး ပိုင်ဆိုင်ထားလို့ သူသာဆန္ဒရှိမယ်ဆိုရင် လေ့ကျင့်ရေးကွင်းဆီ ဒီမော်တော်ကားကို ယူဆောင်လာပါလိမ့်မယ်။ အင်္ဂလန်ကပ္ပတိန်က ၂၀၂၀ ပြည့်နှစ်မှာ Bentley Continental GT Supersports ကို ဝယ်ယူခဲ့ပြီး အံ့အားသင့်ရလောက်အောင်ပဲ အဲ့ဒီအချိန်တုန်းက ကလပ်အသင်းဖော်ဖြစ်တဲ့ ဒယ်လီအလီလည်း ဒီမော်တော်ကားအမျိုးအစား ဝယ်ယူခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

အဲ့ဒီအချိန်တုန်းက ပေါင် ၂၁၂,၀၀၀ တန်မော်တော်ကားဝယ်ယူမှုနဲ့ ပတ်သက်လို့ “ကျွန်တော် Bentley Supersports တစ်စီး ဝယ်လိုက်ပါပြီ။ ကျွန်တော်ကတော့ ကိုယ့်ကိုကိုယ် Sport type အမျိုးအစား မော်တော်ကားတွေနဲ့ လိုက်ဖက်မယ်လို့ ထင်မိခဲ့တယ်။ ဒါကြောင့် မော်တော်ကားအများစုကို ဘယ်ဟာဝယ်ယူရမလဲဆိုတာ လိုက်ကြည့်နေခဲ့မိတယ်။ ဒါပေမယ့် ကျွန်တော်က ဂေါ့ဖ်ကစားလေ့ရှိတာကြောင့် မနိမ့်လွန်း၊ မမြင့်လွန်း အခန်းတွေ ပါဝင်တဲ့ မော်တော်ကားအချို့ကို လိုချင်မိခဲ့ပါတယ်။ အခြားအရာတွေနဲ့ မတူညီတာမျိုးပေါ့။ အဲ့ဒီအချိန်မှာပဲ အနက်ရောင်ဘီးတွေနဲ့ အဖြူရောင်ကားတစ်စီးကို တွေ့ခဲ့တယ်။ တကယ့်ကို လှပလွန်းတဲ့ မော်တော်ကားပါ။ ဒါက ကျွန်တော့်ရဲ့ ပထမဆုံး Sport type မော်တော်ကား ဖြစ်ပါတယ်။ စည်းတစ်ခုတော့ ချထားလိုက်တာပေါ့။ အကယ်၍ နောင်မှာ ကျွန်တော်က ဆုဖလားအချို့ကို အနိုင်ရရှိမယ်ဆိုရင် ကျွန်တော်ဟာ Ferrari (သို့မဟုတ်) Lamborghini လို ပြိုင်ကားမျိုးနဲ့ ထိုက်တန်နိုင်တယ်လို့ သတ်မှတ်ထားတာမျိုး ဖြစ်ပါတယ်”လို့ ဟယ်ရီကိန်းက ပြောခဲ့ပါတယ်။

ဗြိတိန်ရဲ့ အကောင်းဆုံးနိုင်ငံသား
-----------------------------------
အင်္ဂလန်လက်ရွေးစင်အသင်းကပ္ပတိန်အတွက် ဗြိတိန်နိုင်ငံသားဖြစ်ခြင်းထက် ပိုပြီးဂုဏ်ယူမိစေမယ့် အရာမျိုး အနည်းငယ်သာ ရှိနေပါလိမ့်မယ်။ ဒီလိုစိတ်ဓါတ်ပိုင်းကြောင့်ပဲ သူ့မှာ ဗြိတိန်ထုတ် ပေါင် ၉၉,၀၀၀ တန် Land Rover နဲ့ ပေါင် ၃၅,၀၀၀ တန် Jaguar F-Pace တစ်စီး ပိုင်ဆိုင်နေခဲ့တာပါ။

ဟယ်ရီကိန်းက “ဗြိတိန်နိုင်ငံသားဖြစ်နေရမှုကပဲ ကျွန်တော် ဂုဏ်ယူမိတဲ့အချက်ပါပဲ။  ကျွန်တော် ဒီ Jaguar ကို အရမ်းကြိုက်ပါတယ်။ အရမ်းလည်း မကြီး၊ အရမ်းလည်း မသေးလို့ ကျွန်တော့် သမီးငယ်လေး၊ အိမ်မွေးခွေးတွေနဲ့ အထူးသင့်တော်ပါတယ်။ ဒီကားက Sport type ပုံစံမျိုး မိသားစုစီးနင်းရတဲ့ အမျိုးအစားပါ။ ဖခင်တစ်ယောက်အဖြစ် ဒီကားကို မောင်းနှင်ရတာ ကျွန်တော် မရှက်ပါဘူး။ ခင်ဗျားတို့ မောင်းကြည့်ရင်လည်း ကျေနပ်နေပါလိမ့်မယ်။ ကြည့်ရတာ လှပလွန်းပြီး ဈေးလည်း သိပ်မကြီးပါဘူး။ အခုထိတော့ ကျွန်တော့်အတွက် အရမ်းကောင်းတဲ့ မော်တော်ကားပါပဲ။ ပွဲစဉ်တစ်ခုပြီးလို့ပဲဖြစ်ဖြစ်၊ လေ့ကျင့်ရေးပြီးလို့ပဲဖြစ်ဖြစ် ကားကောင်းကောင်းလေးစီးပြီး အေးအေးဆေးဆေး နေချင်မိပါတယ်။ ဒီမတိုင်ခင်ကတော့ ကျွန်တော့်မှာ Range Rover Sport type တစ်စီး ရှိခဲ့ဖူးပါတယ်။ ဒီကားကိုလည်း ကျွန်တော် ကြိုက်ခဲ့ပါတယ်။ ကျွန်တော်အနေနဲ့ ဒီထက်နည်းနည်းပိုကြီးမယ့် ဗာရှင်းမျိုး လိုချင်မိခဲ့ရုံပါပဲ”လို့  ရှင်းပြပါတယ်။

ကုမ္ပဏီကားများ
----------------
ဘိုင်ယန်မြူးနစ်ဆီ ရောက်ရှိလာချိန်မှာပဲ ဟယ်ရီကိန်းက Audi Q8 e-tron မော်တော်ကားကို သက်သောင့်သက်သာ ရွေးချယ်ခဲ့ပေမယ့် သူ့ရဲ့ အသင်းဖော်အသစ်အများစုကတော့ ဈေးပိုကြီးတဲ့ မော်တော်ကားတွေကိုသာ ရွေးချယ်ထားပါတယ်။ သောမတ်စ်မူလာ၊ လီရွိုင်းဆာနေးနဲ့ ဂျိုရှုအာကင်မစ်ချ်တို့လို ကစားသမားတွေအပါအဝင် ထိပ်တန်းကြယ်ပွင့်ကစားသမား ၁၂ ဦးက ပေါင် ၁၂၀,၀၀၀ တန် Audi RS e-tron GT ကို ရွေးချယ်ခဲ့ပါတယ်။ ဂေါ်ရက်ဇ်ကာကလည်း ကင်မစ်ချ်တို့လို မော်တော်ကားမျိုးကို လိုချင်ခဲ့ပေမယ့် သူက အနက်ရောင်ထက် ခရမ်းရောင်ပိုကဲတဲ့ မော်တော်ကားကို ရွေးချယ်ခဲ့ပါတယ်။

ဂျာမန်မြေမှာ မော်တော်ကားမောင်းနှင်ရတဲ့ အတွေ့အကြုံနဲ့ပတ်သက်လို့ ဟယ်ရီကိန်းက “စတီယာရင်က ကိုယ်မောင်းနေကျနေရာရဲ့ အခြားတစ်ဖက်မှာရောက်နေတဲ့ ခံစားချက်နဲ့ အသားကျဖို့တော့ ဖြည်းဖြည်းချင်း လေ့ကျင့်ယူနေပါတယ်။ အခုထိတော့ ယာဉ်တိုက်မှုမဖြစ်သေးလို့ အပေါင်းလက္ခဏာဆောင်တဲ့ ကိစ္စပါပဲ”လို့ ဟာသလုပ်ပြောဆိုခဲ့ပါတယ်။

#အယ်ဒီတာအကြိုက် #ဟယ်ရီကိန်း #ဘိုင်ယန်မြူးနစ်