ရှေ့သို့
Image

ဂတ်မူလာဆုကို လက်ခံရယူပြီးနောက် ရိုမန့်တစ်ဆန်တဲ့ ညစာကို ချစ်သူနဲ့အတူတူ စားသောက်ဖို့ ဆုပေးပွဲကနေ စောစောစီးစီးထွက်ခွာခဲ့တဲ့ ဟာလန်း

4:25 PM, 2 November

ဘောလွန်းဒီအော်ဆုပေးပွဲမှာ ဂတ်မူလာဆုကို ဆွတ်ခူးရရှိခဲ့တဲ့ မန်စီးတီးတိုက်စစ်မှူး အာလင်းဟာလန်းဟာ ဆုတံဆိပ်ကို လက်ခံရယူပြီးမကြာခင်မှာပဲ ချစ်သူနဲ့အတူတူ ညစာစားဖို့အတွက် စောစောစီးစီးထွက်ခွာခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာဒါဘီမှာ ယူနိုက်တက်ကို ၀-၃ နဲ့ အပြတ်အသတ်ချေမှုန်းပြီးနောက် ၂၄ နာရီအကြာမှာပဲ ဟာလန်းဟာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ ဘောလွန်းဒီအော်ဆုပေးပွဲ အခမ်းအနားသို့ ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ ထို့နောက်မှာတော့ တိုက်စစ်မှူးဟာ ၂၀၂၂-၂၃ ရာသီအတွက် သွင်းဂိုးအများဆုံး ကစားသမားကို ပေးအပ်ချီးမြှင့်တဲ့ ဂတ်မူလာ ဆုတံဆိပ်ကို ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။

ဟာလန်းဟာ ပြီးခဲ့တဲ့ ရာသီက ကလပ်နဲ့ နိုင်ငံလက်ရွေးစင်အသင်းအတွက် ၅၇ ပွဲကစားပြီး ၅၆ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင်ကစားသမားဟာ မန်စီးတီးအတွက် သမိုင်းဝင်ဖလား ၃ လုံးအောင်မြင်မှုမှာလည်း အဓိကအခန်းကဏ္ဍကနေပါဝင်ခဲ့တာဖြစ်ပါတယ်။ နော်ဝေသားဟာ အမ်ဘာပေ၊ ဟာရီကိန်းနဲ့ လီယွန်နယ်မက်ဆီတို့ကဲ့သို့သော ပုံရိပ်မြင့် ဂုဏ်သိက္ခာရှိကစားသမားတွေနဲ့အတူ ဆုပေးပွဲကို တက်ရောက်လာခဲ့ပါတယ်။

ဘောလွန်းဒီအော်ဆုကိုတော့ ကာတာမှာ အာဂျင်တီးနားအတွက် ကမ္ဘာ့ဖလားကို ဆွတ်ခူးပေးခဲ့တဲ့ အင်တာမီယာမီစူပါစတား မက်ဆီက စံချိန်တင် ၈ ကြိမ်မြောက်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဟာလန်းဟာ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမားဟာ သူရဲ့ညစာကိုတော့ လက်လွှတ်ခံခြင်းမရှိဘဲ ချစ်သူဖြစ်သူ မော်ဒယ်လ် အစ္စဘယ်ဂျိုဟန်ဆန်နဲ့အတူ ပြင်သစ်မြို့တော်ထဲမှာ ညစာသွားစားခဲ့တာဖြစ်ပါတယ်။

ဟာလန်းဟာ ပွဲတက်ဝတ်စုံကို အပြည့်အစုံဝတ်ဆင်ထားကာ ဆံပင်ကိုဖားလျားချထားပြီ  အစ္စဘယ်ကတော့ နှင်းဆီရွှေရောင်ဝတ်စုံကိုဝတ်ဆင်ကာ ဒေါက်မြင့်ဖိနပ်ကို စီးလာခဲ့တာဖြစ်ပါတယ်။ သူတို့စုံတွဲဟာ ငယ်စဉ်ကတည်းက နော်ဝေမှာ Bryne အသင်းအတွက် ကစားပေးရင်းဆုံတွေ့ခဲ့ကြတာဖြစ်ပါတယ်။ အတူတူကြီးပြင်းလာခဲ့ကြပေမယ့် သူတို့ရဲ့ချစ်ခရီးလမ်းကတော့ ဒေါ့မွန်သို့ဟာလန်း ရောက်ရှိလာပြီးနောက်မှသာ စတင်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်။

သူတို့စုံတွဲကို ညစာစားပွဲတွေနဲ့ ခရီးတွေမှာ အတူတူတွဲတွေ့ရလေ့ရှိပြီး ယခုအခါမှာလည်း အစ္စဘယ်ဟာ သူမရဲ့ချစ်သူကို အားပေးဖို့အတွက် ယခုပွဲကို အတူတူတက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဟာလန်းကလည်း ဂတ်မူလာဆုကို ဆွတ်ခူးရရှိခဲ့တာကြောင့် မန်စီးတီးရဲ့ ရာသီအဖွင့်က လှပသွားခဲ့ပြီလို့ဆိုရမှာပါ။

အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ခဲ့တဲ့ ချဲလ်ဆီးဂန္ထဝင်တိုက်စစ်မှူး ဒီဒီယာဒရော့ဘာကလည်း ဆုပေးပွဲမှာ ဟာလန်းရဲ့ သွင်းဂိုး ၅၆ ဂိုးလုံးကို ပြသစေခဲ့ပါတယ်။ ဟာလန်းရဲ့မန်စီးတီးဟာ လာမယ့် စနေနေ့မှာတော့ ပရီမီးယားလိဂ်ပွဲစဉ်အဖြစ် အိမ်ကွင်းအီတီဟတ်မှာ ဘုန်းမောက်ကို လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

#မန်စီးတီး #ဟာလန်း #gossip