ရှေ့သို့
Image

ကမ္ဘာ့အကောင်းဆုံးတောင်ပံတိုက်စစ်မှူးဖြစ်လာဖို့အထိ တောက်ပခဲ့ဖူးတဲ့ ယူနိုက်တက်အပယ်ခံ ဆန်ချိုရဲ့ ကစားသမားဘဝစတင်ပုံ

4:23 PM, 3 November

၂၀၂၁ ခုနှစ်အတွင်း မန်ချက်စတာယူနိုက်တက်နဲ့ ဂျေဒန်ဆန်ချို လက်မှတ်ရေးထိုးလိုက်ချိန်မှာပဲ ပရီးမီးယားလိဂ်ဆုဖလားကို စိန်ခေါ်နိုင်ဖို့ ဆိုးရှားရဲ့အသင်းအတွက် နောက်ဆုံးလိုအပ်နေတဲ့ အဖြေတစ်ခု ရရှိသွားပြီလို့ မှတ်ယူခဲ့ကြပါတယ်။ အံ့သြစရာကလေးငယ်လေးတစ်ယောက်အကြောင်း ပြောရမယ်ဆိုရင် တစ်ဦးတည်းသာ ရှိပါလိမ့်မယ်။ သူက ဘွန်ဒက်စ်လီဂါမှာ ဒေါ့မွန်အတွက် အစွမ်းကုန်တောက်ပပေးခဲ့ဖူးပြီး ကမ္ဘာ့ဘောလုံးလောကရဲ့ ကြောက်စရာအကောင်းဆုံး ခြေစွမ်းမြင့်တောင်ပံတိုက်စစ်မှူးတွေအနက် တစ်ဦးအဖြစ် မှတ်ယူခံရသူလည်း ဖြစ်ပါတယ်။

ဒီလိုပုံစံမျိုးကို လိုချင်တောင့်တနေတဲ့ ယူနိုက်တက်ကတော့ လူငယ်ကစားသမားလေးအတွက် ပေါင် ၇၃ သန်းအထိ အသုံးပြုဖို့ လက်မရွံ့ခဲ့ပါဘူး။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဆန်ချိုက ကစားသမားဘဝအနာဂတ်အတွက် အရေးကြီးဆုံးဖြတ်ချက်တစ်ခု ချမှတ်ရဖို့ ရှိလာပါပြီ။ နည်းပြ တန်ဟက်နဲ့ ဆက်ဆံရေးအဆင်မပြေမှုတွေကြောင့် ကစားသမားက လူမှုကွန်ရက်မှတဆင့် ယူနိုက်တက်ရဲ့ ကျရှုံးမှုတွေအတွက် သူ့ကို ဓါးစါခံလုပ်နေကြတယ်လို့ ကြေညာခဲ့ပါတယ်။

ဒတ်ချ်လူမျိုးနည်းပြကလည်း ဆန်ချိုကို အသင်းစည်းကမ်းပိုင်းပြဿနာ မဖြေရှင်းနိုင်မချင်း စီနီယာအသင်းနဲ့ဝေးရာမှာ တစ်ဦးတည်းလေ့ကျင့်ခန်းဆင်းဖို့ အမိန့်ပေးခဲ့ပါတယ်။ ဆန်ချိုအတွက် လက်ရှိအခြေအနေတွေက လန်ဒန်တောင်ပိုင်းမှာ ဘောလုံးအရည်အသွေးအပြည့်ဖြင့် ကြီးပြင်းလာရတဲ့ ငယ်ဘဝကာလနဲ့တော့ မတူညီတော့ပါဘူး။

ကန်နင်တန်အရပ်မှာ ကြီးပြင်းခြင်း
---------------------------------
ထရန်နီဒက်လူမျိုးမိဘနှစ်ပါးမှ မွေးဖွားဆင်းသက်လာတဲ့ ဆန်ချိုဟာ လန်ဒန်မြို့၊ ကန်နင်တန်အရပ်ရှိ ဂင်းနက်စ်ထရပ်အဆောက်အဦမှာ ကြီးပြင်းလာခဲ့ရပါတယ်။ ဒီအဆောက်အဦးအနီးအနာရှိ ပန်းခြံတစ်ခုမှာ ဆန်ချိုက ငယ်သူငယ်ချင်းဖြစ်လာမယ့် အာဆင်နယ်ကြယ်ပွင့်နယ်လ်ဆင်နဲ့အတူ ဘောလုံးစွမ်းရည်တွေ တိုးတက်လာဖို့ လေ့ကျင့်ခဲ့ပါတယ်။
Sky Sports နဲ့တွေ့ဆုံချိန် ဆန်ချိုက “ကျွန်တော် နေခဲ့ဖူးတဲ့ အဆောက်အဦးတစ်ခုရဲ့ နောက်ဖက်မှာ ကျွန်တော်တို့ ကိုယ်တိုင် အပြာရောင်ပန်းခြံလို့ အမည်ပေးထားတဲ့  ပန်းခြံတစ်ခုရှိပါတယ်။ ကျွန်တော်တို့တွေ အဲ့ဒီပန်းခြံမှာ နှစ်နာရီလောက် ဘောလုံးပွဲငယ်လေးတွေ ဆော့ကစားလေ့ရှိတယ်။ လူတိုင်းလည်း ဒါကို သဘောကျပါတယ်။ ကျွန်တော်ကတော့ လှည့်စားမှုတွေပြုလုပ်ပြီး ကိုယ့်ထက်အသက်ကြီးတဲ့လူတွေလို ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ အဲ့ဒီတုန်းကတော့ သူတိုတွေက ကျွန်တော်တို့လို ကလေးတွေ ထိခိုက်ဒဏ်ရာရမှာကို စိုးရိမ်လို့ သူတို့ရဲ့ပွဲစဉ်တွေမှာ ခေါ်မကန်ချင်ခဲ့ဘူး။ ဒါပေမယ့် သူတို့တွေက ကျွန်တော့်ကို သူတို့နဲ့အတူ လာကစားဖို့ အဆင့်သင့်ဖြစ်နေတဲ့ ကောင်လေးလို့ တွေးနေခဲ့ကြပါတယ်။ ကျွန်တော်ကတော့ ကိုယ့်ကိုကိုယ် လမ်းဘေး ဘောလုံးသမားလို့ ခေါ်ဝေါ်ခဲ့ပါတယ်။ ဒီနေရာမှာပဲ ဘောလုံးအလိမ်အခေါက်တွေ သင်ယူခဲ့ရလို့ပါ”လို့ ပြောပြပါတယ်။

လက်ဦးဆရာ ရှာဖွေခြင်း
------------------------
ဆန်ချိုရဲ့ကစားသမားဘဝအစပိုင်းကို အိမ်နီးချင်းဘောလုံးနည်းပြဟောင်း ဟုမ်းစ်လီဝစ်စ်က ပဲ့ကိုင်ပေးခဲ့ပြီး သူက ရပ်ရွာအတွင်းရှိ အရည်အချင်းရှိ လူငယ်ကစားလေးတွေကို ရှာဖွေနိုင်ဖို့ အလုပ်လုပ်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက အသက်-၁၂ နှစ်အရွယ်ပါရမီရှင်လူငယ်လေးရဲ့အံ့ဖွယ်ခြေစွမ်းပိုင်းကို ဘယ်လိုမြင်တွေ့ခဲ့သလဲဆိုတာ လီဝစ်စ်က ပြန်ပြောင်းအမှတ်ရနေခဲ့ပါတယ်။

“ဆန်ချိုက အမြဲတမ်းပြုံးနေတက်တဲ့ လူမည်းဆံပင်ပုံစံနဲ့ ကလေးလေးတစ်ယောက်ပါ။ သူနဲ့ ကျွန်တော်က အမြဲတမ်းနောက်ပြောင်နေကျပါ။ ကျွန်တော်က သူ့ကို မင်း ဒီတစ်ခုတော့ မလုပ်တက်ပါဘူးကွာ၊ လောင်းမလားလို့ ပြောပြီး သူ့ကို နည်းနည်းလောက်ပြလိုက်ရင် သင်ကြားမှုအပြီးမှာပဲ သူက အဲ့ဒီအတိုင်း တသွေမတိမ်းလုပ်နိုင်သွားတယ်။ အဲ့ဒီအချိန်တုန်းက ကျွန်တော် အသက်-၃၀ နီးပါးရှိပြီဖြစ်သလို ဒီစကေးကို ရဖို့ နွေရာသီတလျှောက်လုံး လေ့ကျင့်ခဲ့ရတာကြောင့် ကျွန်တော့်အတွက် အရှက်ရဖွယ် ဖြစ်ခဲ့ပါတယ်။ ဆန်ချိုကတော့ တစ်နာရီလောက်တည်းနဲ့ ဒီလေ့ကျင့်ခန်းမှာ မာစတာအဆင့်ဆီ တန်းရောက်သွားခဲ့တယ်။ ဆန်ချိုကတော့ သူဘယ်လောက်ခြေစွမ်းကောင်းတယ်ဆိုတာ သက်သေပြဖို့ အမြဲတမ်းကြိုးစားနေခဲ့ပါတယ်။ ဒါပေမယ့် သူက ထောင်လွှားမှုမရှိတဲ့ပုံစံနဲ့ပဲ သက်သေပြဖို့ လုပ်ဆောင်ခဲ့တာပါ”လို့ လီဝစ်စ်က SunSport နဲ့ တွေ့ဆုံချိန်မှာ ပြောပြခဲ့ပါတယ်။

အကယ်ဒမီကစားသမားဘဝ
------------------------------
ဆန်ချိုက အကယ်ဒမီကစားသမားဘဝကို ဝက်ဖို့ဒ်နဲ့ မန်စီးတီးမှာ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့ပါတယ်။ သူ့ရဲ့ထူးချွန်ထက်မြက်တဲ့ စွမ်းရည်ပိုင်းနဲ့အတူ အမြင့်ဆုံး အဆင့်ဆီ တက်ရောက်ဖို့ ရည်မှန်းချက်က အကယ်ဒမီကစားသမားဘဝမှာပဲ ပေါ်လွင်နေခဲ့ပါတယ်။

ဆန်ချိုရဲ့ ဝက်ဖို့ဒ်အကယ်ဒမီနည်းပြလန်ကတ်စတာက “ဘောလုံးအားကစားမှာ မှန်ကန်ကောင်းမွန်တဲ့ အဆိုတစ်ရပ်ရှိပါတယ်။ လမ်းကြောင်းတွေအတွက် ကစားသမားပြင်ဆင်ပါဆိုတဲ့ စကားရပ်ပါ။ ဒါက တသတ်မှတ်တည်း အပြောင်းအလဲမရှိခဲ့ပါဘူး။ ဆန်ချိုကတော့ ဒီအဆိုကို ဖျက်ဆီးပစ်ခဲ့ပါတယ်။ သူ့အတွက်ဆိုရင် ကစားသမားအတွက် လမ်းကြောင်းတွေ ပြင်ဆင်ပါလို့ ပြောရပါလိမ့်မယ်။ သူက ကမ္ဘာ့အကောင်းဆုံး နည်းပြတွေအနက် တစ်ဦးဖြစ်သူရဲ့လက်အောက်မှာ တောင်မှ မြောက်ဆီ ရွှေ့ပြောင်းလာခဲ့တယ်။ ဖွံ့ဖြိုးတိုးတက်မှုမရှိဘဲ မန်စီးတီးယူ-၂၃ အသင်းမှာ ဆက်နေသွားမလား (ဒါမှမဟုတ်) နိုင်ငံရပ်ခြားဆီ ထွက်သွားမလားဆိုပြီး ရွေးချယ်ခွင့်တစ်ခု  သူ ရရှိလာခဲ့ပါတယ်။ ဒါမျိုးလုပ်ဖို့ သတ္တိရှိတဲ့ ကစားသမား ဘယ်လောက်များများရှိလို့လဲ?”လို့ ပြောပါတယ်။

အားလုံးရဲ့ရှေ့ဆောင်
----------------------
ပွဲကစားခွင့်ရရှိဖို့ စိတ်အားထက်သန်နေပေမယ့် စီနီယာအသင်းဆီ ရောက်ရှိဖို့ မဖြစ်နိုင်မှန်း သိလိုက်ရချိန်မှာ ဆန်ချိုက မန်စီးတီးမှ ဒေါ့မွန်ဆီ ပြောင်းရွှေ့ကြေးပေါင် ၈ သန်းဖြင့် ၂၀၁၇ ခုနှစ်မှာ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဒါက ဆယ်ကျော်သက်လူငယ်တစ်ဦး အတွက် ရဲရင့်တဲ့လုပ်ရပ်တစ်ခုကို ရှေ့ဆောင်လမ်းပြအဖြစ် လုပ်ဆောင်ပြခဲ့တာဖြစ်ပြီး ဒီဘက်နှစ်ပိုင်းတွေမှာတော့ အင်္ဂလိပ်လူငယ်ဘောလုံးသမားတွေဟာ သူ့ရဲ့လမ်းစဉ်အတိုင်း လိုက်ပါလာခဲ့ကြပါတယ်။ ပြီးတော့ ဒီနေရာမှာပဲ ဆန်ချိုက သူ့ကိုယ့်သူ တည်ဆောက်နိုင်ခဲ့ပါတယ်။ သူက အသင်းအတွက် ၁၃၇ ပွဲကစား၊ ဂိုး ၅၀ အထိ သွင်းယူပြီး ပြိုင်ဘက်ခံစစ်မှူးတွေကို ခြောက်လှန့်နိုင်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ် Golden Boy ဆန်ခါတင်စာရင်းမှာ ပါဝင်လာမှုက ဆန်ချိုရဲ့အရည်အချင်းကိုသက်သေပြမှုတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီဆုအတွက် ဆန်ချိုက ဂျာအိုဖီးလစ်ရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်ခဲ့ပြီး ကိုင်ဟားဗက်ဇ်၊ ဟာလန်း၊ ဒီလစ်တို့ကို နောက်ကောက်ချနိုင်ခဲ့ပါတယ်။ ဂျာမန်မြေကစားသမားဘ၀ အမှတ်တရဖြစ်စရာအကောင်းဆုံးကတော့ သူ့ရဲ့ဒေါ့မွန်ကစားသမားဘ၀ နောက်ဆုံးရာသီမှာ အသင်းနဲ့အတူ ပိုကယ်လ်ဖလား ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်ကစားသမားဘဝ
----------------------------------------
ဘွန်ဒက်စ်လီဂါမြေမှာ ပြသနေတဲ့ ဆန်ချိုရဲ့ပုံစံကောင်းတွေက ဆောက်ဂိတ်ရဲ့ အာရုံတွေကို ဖမ်းစားနိုင်ခဲ့ပြီး ခရိုအေးရှားနဲ့ ရင်ဆိုင်ရတဲ့ ၂၀၁၈ ယူအီးအက်ဖ်အေနေရှင်းလိဂ်ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ် အင်္ဂလန်လက်ရွေးစင်အသင်း အတွက် စတင်ကစားခွင့် ရရှိခဲ့ပါတယ်။ သူ့ရဲ့ပထမဆုံး ပွဲထွက်အင်္ဂလန်လက်ရွေးစင် ကစားသမား ပွဲစဉ်ကတော့ ယူရို-၂၀၂၀ ခြေစစ်ပွဲစဉ်အဖြစ် ချက်အသင်းကို ငါးဂိုးပြတ်အနိုင်ရရှိတဲ့ပွဲစဉ်ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာလည်း ဆန်ချိုခြေစွမ်းပြသနိုင်ခဲ့လို့ ချီးကျူးမှုတွေ ရရှိခဲ့ပါတယ်။

ဆန်ချိုက ကိုဆိုဗိုကို ၅-၃ ဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲစဉ်မှာ နှစ်ဂိုးသွင်းယူပြီး ခြေစွမ်းပြသနိုင်ခဲ့လို့ အင်္ဂလန်လက်ရွေးစင်အသင်း အတွက် ပွဲထွက်ကစားသမားနေရာကို အခိုင်အမာ ရယူသွားနိုင်ခဲ့ပါတယ်။ ဆန်ချိုက မိခင်နိုင်ငံအသင်းကို အီတလီနဲ့ ရင်ဆိုင်ရတဲ့ ယူရို-၂၀၂၀ ဗိုလ်လုပွဲအထိ ခေါ်ဆောင်ပေးခဲ့ပြီး ပွဲချိန်ပြည့် ပယ်နယ်တီအဆုံးအဖြတ်မှာ ပယ်နယ်တီကန်ခွင့်လည်း ရရှိခဲ့ပါတယ်။

ကံမကောင်းစွာနဲ့ပဲ ဆန်ချိုဟာ ဆာကာ၊ ရက်ရှ်ဖို့ဒ်တို့နဲ့အတူ ပယ်နယ်တီကန်သွင်းယူမှု လွဲချော်ခဲ့သလို အင်္ဂလန်လက်ရွေးစင်အသင်းကလည်း ယူရိုအောင်ပွဲအိပ်မက်နဲ့ လက်မတင်လေး လွဲချော်သွားခဲ့ပါတယ်။ အံ့အားသင့်စရာကတော့ ဆန်ချိုကို ၂၀၂၁ ခုနှစ်နောက်ပိုင်း အင်္ဂလန်လက်ရွေးစင်အသင်းမှာ မမြင်တွေ့ရတော့တာပဲ ဖြစ်ပါတယ်။

အိပ်မက်ဆန်တဲ့ အပြောင်းအရွှေ့
---------------------------------
ယူရို-၂၀၂၀ ပြိုင်ပွဲကြီး ပြီးဆုံးသွားချိန်မှာပဲ ဆန်ချိုရဲ့ ကလပ်ကစားသမားဘ၀ အပြောင်းအလဲကြီးတစ်ခုနဲ့အတူ မန်ချက်စတာယူနိုက်တက်ဂျာစီဝတ်ဆင်ရဖို့ ဖြစ်တည်လာခဲ့ပါတယ်။ သူက အိုးထရက်ဖို့ဒ်ကစားသမားဘ၀ အဖွင့်ဘောလုံးရာသီမှာ ၃၈ ပွဲကစား၊ ငါးဂိုးသာသွင်းယူနိုင်ပြီး ဂျာမန်မြေနဲ့ မတူညီတဲ့ပုံစံမျိုး ပြသခဲ့ပါတယ်။

နောက်ရာသီမှာလည်း ၄၁ ပွဲကစား၊ ခုနစ်ဂိုးသာ သွင်းယူနိုင်မှုက ဒေါ့မွန်မှာပြသခဲ့တဲ့ ပြိုင်ဘက်ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်တဲ့စွမ်းရည်မျိုး သူ့မှာ မရှိသေးဘူးဆိုတဲ့အချက်ကို အားကောင်းလာစေခဲ့ပါတယ်။ ဆန်ချိုက ဒေါ့မွန်ကစားသမားဘ၀ ဘောလုံးရာသီလေးခုအနက် သုံးခုမှာ တစ်ရာသီ ဆယ်ဂိုးထက်မနည်း ရယူနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ ဆိုးရှားမှသည် ရန်းနစ်ခ်၊ တန်ဟက်အထိ နည်းပြတွေအဆက်ဆက်ပြောင်းလဲခဲ့ပေမယ့် ဆန်ချိုကတော့ သူ့ရဲ့ ပုံစံကောင်းကို မရှာဖွေနိုင်ခဲ့ပါဘူး။

ဒါကြောင့်ပဲ လက်ရှိမန်ချက်စတာယူနိုက်တက်နည်းပြတန်ဟက်က ဆန်ချိုရဲ့နေရာမှာ အစားထိုးဖို့ တပည့်ဟောင်းလည်းဖြစ်၊ အေဂျက်စ်ကြယ်ပွင့်ဟောင်းလည်းဖြစ်တဲ့ အန်တိုနီအတွက် ပေါင် ၈၅ သန်းအထိ သုံးစွဲကာ အသင်းဆီခေါ်ယူခဲ့ပါတယ်။ ဒါ့အပြင် လူငယ်ကစားသမားလေးဂါနာချို ပေါ်ပေါက်လာမှုကြောင့် အိုးထရက်ဖို့ဒ်မှာ တောင်ပံတိုက်စစ်ပိုင်းအတွက် ပွဲထွက်ခွင့်ရရှိရေးပြိုင်ဆိုင်မှုမြင့်မားလာနေပြီဆိုတာ သေချာသွားခဲ့ပါတယ်။

အသင်းလေ့ကျင့်ရေးကွင်းမှာလည်း သူ့ရဲ့စိတ်နေစိတ်ထားနဲ့ပတ်သက်လို့ တန်ဟက်နဲ့ သဘောကွဲလွဲမှုတစ်ခုက အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်အတွက် အသင်းလူစာရင်းမှ ချန်လှပ်ထားဖို့အထိ ဖြစ်လာခဲ့ပါတယ်။ ဒီနောက်မှာတော့ ဆန်ချိုက လူမှုကွန်ရက်ပလက်ဖောင်းပေါ်မှာ အသင်းလူစာရင်းမှ ဖယ်ရှားခံရမှုနဲ့ပတ်သက်လို့ ပေါက်ကွဲခဲ့ပါတယ်။

သူက “ကျေးဇူးပြုပြီးတော့ ကိုယ်ဖတ်မိလိုက်တဲ့အရာရာတိုင်းကို မယုံကြည်လိုက်ပါနဲ့။ ကျွန်တော်ကတော့ လုံးဝမှန်ကန်မှုမရှိတဲ့အရာတွေကို လူတွေပြောနေကြတာအပေါ် ခွင့်မပြုပေးနိုင်ပါဘူး။ အခုသီတင်းပတ် လေ့ကျင့်ရေးမှာလည်း ကျွန်တော် အကောင်းဆုံးလေ့ကျင့်နေခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော် အသင်းလူစာရင်းထဲမှာ ပါဝင်ခွင့်မရရှိတာ အခြားအကြောင်းရင်းတွေ ရှိလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ ကျွန်တော်အတွက်တော့ မတရားလုပ်ခံထားရတဲ့ ဓါးစာခံဘဝရောက်နေတာ အတော်ကြာပါပြီ။ ဒါက မမျှတပါဘူး။ ကျွန်တော် လုပ်ချင်တဲ့ အရာကတော့ ဘောလုံးကို ပျော်ပျော်ရွှင်ရွှင်နဲ့ကစားပြီး အသင်းအပေါ် အကျိုးပြုသွားဖို့ပါပဲ။ နည်းပြအဖွဲ့ဝင်တွေ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်အားလုံးကို ကျွန်တော် လေးစားပါတယ်။ ကျွန်တော်က ထူးချွန်တဲ့ကစားသမားကောင်းတွေနဲ့ ယှဉ်တွဲကစားနေရတာပါ။ ဘာကြောင့်ပဲဖြစ်ဖြစ် ဒီအသင်းအမှတ်တံဆိပ်အတွက် ကျွန်တော် ဆက်လက်တိုက်ပွဲဝင်သွားပါမယ်”လို့ ရေးသားခဲ့ပါတယ်။

ဆန်ချိုအနေဖြင့် ကစားသမားဘ၀ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ချင်တယ်ဆိုရင် ငယ်ဘဝနေ့ရက်တွေမှာ ပြသခဲ့တဲ့ ရဲစွမ်းသတ္တိမျိုးကို ပြန်လည်လိုအပ်နေခဲ့ပါပြီ။

#မန်ချက်စတာယူနိုက်တက် #အယ်ဒီတာအကြိုက် #ဆန်ချို