ရှေ့သို့
Image

ဥရုဂွေးလက်ရွေးစင် အသင်းနဲ့ ပြန်လည် ပူးပေါင်းခဲ့တဲ့ ဆွာရက်ဇ်

9:18 AM, 14 November

ဥရုဂွေးရဲ့ စံချိန်တင်ဂိုးသွင်းရှင် လူးဝစ်ဆွာရက်ဇ်ဟာ လက်ကျန်ခြေစစ်ပွဲ  ၂ ပွဲမှာ ပါဝင်နိုင်ဖို့ နိုင်ငံအသင်းအတွက် ရွေးချယ်ခြင်းခံခဲ့ရသော်လည်း နောက်ထပ်တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ အီဒင်ဆန် ကာဗာနီကတော့ ဒဏ်ရာပြဿနာကြောင့် အသင်းကနေ ထွက်ခွာခဲ့ရတယ်လို့သိရပါတယ်။

ကာဗာနီဟာ ကနဦးကအသင်းရဲ့လူစာရင်းမှာ ရွေးချယ်ခံရပြီးဖြစ်သော်လည်း တနင်္ဂနွေနေ့က နယူးဝဲလ်ကို ၁-၀နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ဘိုကာဂျူနီယာအသင်းအတွက် ပွဲထွက်ပါဝင်ကစားရင်း ကြွက်သားဒဏ်ရာ ရရှိသွားခဲ့တာကြောင့် နုတ်ထွက်ခဲ့ရတာဖြစ်ပါတယ်။ လက်ရှိတောင်အမေရိက အုပ်စုရဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး ရမှတ် ၇ မှတ်ရရှိထားတဲ့ ဥရုဂွေးဟာ လာမယ့်သောကြာနေ့မှာ အုပ်စုထိပ်ဆုံးက အာဂျင်တီးနားနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး နောက်အပတ် ဗုဒ္ဓဟူးနေ့မှာတော့ အုပ်စုအောက်ဆုံးနေရာက ဘိုလီဗီးယားနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ဂါနာကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ နိုင်ငံအသင်းအတွက် နောက်ဆုံးအကြိမ် ပါဝင်ကစားခဲ့တဲ့ အသက်-၃၆ နှစ် အရွယ် ဆွာရက်ဇ်ဟာ ဥရုဂွေးအတွက် ၁၃၇ ပွဲကစားထားပြီး ၆၈ ဂိုးအထိ သွင်းယူပေးထားပါတယ်။ သို့သော်ပြီးခဲ့တဲ့ ကာတာကမ္ဘာ့ဖလားမှာတော့ ဥရုဂွေးဟာ အုပ်စုအဆင့်ကနေပဲ အိမ်ပြန်ခဲ့ရတာြဖစ်ပါတယ်။

ယခုအခါတိုက်စစ်မှူးဟာ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ စံချိန်တင်သွင်းယူထားတဲ့ ၎င်းရဲ့ဂိုးသွင်းစံချိန်ကို ၂ ဂိုးအထိ ကျော်တက်သွားခဲ့တဲ့ အာဂျင်တီးနား တိုက်စစ်မှူးလီယွန်နယ်မက်ဆီကို အမှီလိုက်နိုင်ဖို့ကြိုးစားရမှာ ဖြစ်ပါတယ်။ ဆွာရက်ဇ်အမှီလိုက်ဖို့လိုနေတဲ့ နောက်ထပ်စံချိန်တစ်ခုကတော့ ဥရုဂွေးရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကို အများဆုံး ကစားထားတဲ့ ဒီယေဂို ဂိုဒင်ရဲ့စံချိန်ဖြစ်ပြီး ဂိုဒင်ဟာ ၆၅ ပွဲကစားထားတာကြောင့် ဆွာရက်ဇ်ထက် ၃ ပွဲ ပိုများနေတာဖြစ်ပါတယ်။

ဥရုဂွေးအသင်းလူစာရင်း
ဂိုး - ဆာဂျီယို ရိုချက်၊ ဖရန်ကိုအစ္စရေး၊ ဆန်တီယာဂိုမီလီ
နောက်တန်း - အာရော်ဟို၊ ဂျင်မီနက်ဇ်၊ မန်ဒက်ဇ်၊ ဆီဘက်စ်ရှန်၊ မာတီးရက်စ်
ကွင်းလယ် - ဂွီလာမို၊ အိုလီဗီယာ၊ ယူဂါတီ၊ ဘန်တန်ကာ၊ ကာဘယ်လို၊ ခရုဇ်၊ ဗယ်လ်ဗာဒီ၊ အာရက်စ်ကေတာ၊ အာဂူစတင်၊ မက်ဇီမီလီယန်နို၊ ပယ်လီစထရီ၊ တောရက်စ်
ရှေ့တန်း - အိုလီဗာ၊ ဒါဝင်နူနက်ဇ်၊ ဖက်ဒရီကိုဗီနာ၊ လူးဝစ်ဆွာရက်ဇ်

#ဆွာရက်ဇ် #ဥရုဂွေး