ရှေ့သို့
Image

နိုင်ငံ့လက်ရွေးစင်အသင်းမှာ အသင်းဖော်တွေနဲ့အတူ ပြန်လည်ပူးပေါင်းရလို့ ပျော်ရွှင်နေတဲ့ ရော်နယ်ဒို

12:54 PM, 15 November

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာစူပါစတား ခရစ္စတီယာနိုရော်နယ်ဒိုဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် ကျန်ရှိနေတဲ့ ခြေစစ်ပွဲ ၂ ပွဲမှာပါဝင်နိုင်ဖို့ ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့ ပူးပေါင်းနေပြီး ယခုလို နိုင်ငံ့အသင်းဖော်တွေနဲ့ ပြန်လည် ဆုံတွေ့ရတာက ပျော်စရာကောင်းတယ်လို့ ဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။

လာမယ့်နွေရာသီ ဂျာမနီမှာကျင်းပမယ့် ယူရိုပြိုင်ပွဲအတွက်ခြေစစ်ပွဲတွေမှာ ပေါ်တူဂီဟာ အကောင်းဆုံးပုံစံပြသထားနိုင်ပြီး အုပ်စုအတွင်းမှာလည်း ထိပ်ဆုံးမှာ ရပ်တည်နေတာဖြစ်ပါတယ်။ လက်ရှိကစားထားတဲ့ ခြေစစ်ပွဲ ၈ ပွဲမှာ ပေါ်တူဂီဟာ ၈ ပွဲစလုံးအနိုင်ရရှိထားပြီး ၃၂  ဂိုးသွင်းယူကာ ၂ ဂိုးသာ ပြန်လည်ခွင့်ပြုပေးထားရတာဖြစ်ပါတယ်။

အသက်-၃၈ နှစ်အရွယ် ရော်နယ်ဒိုဟာ အသင်းရဲ့စံနမူနာအဖြစ် ဦးဆောင်နေပြီး ယခုအခါမှာတော့ အသင်းနဲ့ပြန်လည် ပူးပေါင်းရတာကို ပျော်ရွှင်မိတယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။ ကစားသမားဟာ  လေ့ကျင့်ကွင်းမှာ လေ့ကျင့်နေတဲ့ပုံတွေကို “ဒီအသင်းနဲ့ပြန်လည်တွေ့ဆုံရတိုင်း အမြဲတမ်းပျော်ရွှင်မိတယ်” ဆိုတဲ့ခေါင်းစဉ်နဲ့အတူ အင်စတာဂရမ်မှတစ်ဆင့် ဝေမျှခဲ့ပြီး ပျော်ရွှင်မှုကို ထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။

ယခုနှစ် ယူရိုခြေစစ်ပွဲကာလမှာ ရော်နယ်ဒိုဟာ ၇ ပွဲကစားကာ ၉ ဂိုးအထိ သွင်းယူထားပြီး လာမယ့် ပွဲစဉ် ၂ ပွဲမှာလည်း သွင်းဂိုးတွေထပ်မံရယူကာ ၎င်းရဲ့ နိုင်ငံတကာသွင်းဂိုး ၁၂၇ ဂိုးမှာ ထပ်ပေါင်းထည့်နိုင်ဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။ လာမယ့် ကြာသပတေးနေ့မှာတော့ ပေါ်တူဂီ အသင်းဟာ လစ်ချ်တင်စတိန်းကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး တနင်္ဂနွေနေ့မှာတော့ ယူရို ၂၀၂၄ နဲ့ နောက်ဆုံး ခြေစစ်ပွဲစဉ်အဖြစ် အိုက်စလန်ကို အိမ်ကွင်းမှာလက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

#ပေါ်တူဂီ #ရော်နယ်ဒို ယူရို၂၀၂၄ခြေစစ်ပွဲ