ရှေ့သို့
Image

ဖာနန်ဒက်စ်ရဲ့ ခြေစွမ်းပြမှုနဲ့အတူ အိုက်စလန်ကို အနိုင်ကစားပြီး အုပ်စုတွင်းမှာ နိုင်ပွဲဆက်နေဆဲဖြစ်တဲ့ ပေါ်တူဂီ

1:40 PM, 20 November

အိုက်စလန်လက်ရွေးစင်အသင်းနဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ယူရို၂၀၂၄ အကြို ခြေစစ်ပွဲစဉ်တွင် နည်းပြ မာတီနက်ဇ်ရဲ့ ပေါ်တူဂီအသင်းက ၂ဂိုး - ၀ဂိုး ရလဒ်ဖြင့် နိုင်ပွဲဖော်ဆောင်နိုင်ခဲ့ပြီး ပွဲစဉ်အတွင်း ယခုနှစ်မှာ ယူနိုက်တက်အသင်းရဲ့ ကပ္ပတိန်ဖြစ်လာတဲ့ ဖာနန်ဒက်စ်က အထူးခြေစွမ်းပြကာ သွင်းဂိုး ၁ဂိုးပါ သွင်းယူပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

အုပ်စုတွင်းမှာ တိုက်စစ်အစွမ်းပြကာ နိုင်ပွဲတွေဖော်ဆောင်ရင်း ယူရိုပြိုင်ပွဲကစားခွင့် စောစီးစွာရယူထားနိုင်တဲ့ နည်းပြ မာတီနက်ဇ်ရဲ့ ပေါ်တူဂီအသင်းက အိုက်စလန်အသင်းနဲ့ ပွဲစဉ်မှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ လှပသေသပ်တဲ့ ဂိုးဧရိယာထောင့်မှ အပြင်းကန်သွင်းချက်ဂိုးအပြင် ရီကာဒိုဟော်ဒါရဲ့ ဒုတိယမြောက်သွင်းဂိုးနဲ့ပါ ၂ဂိုး - ၀ဂိုး ရလဒ်ဖြင့် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းရဲ့ အသက် ၂၉ နှစ်အရွယ် ကွင်းလယ်ကြယ်ပွင့်အနေဖြင့် ယခုနှစ်ဘောလုံးရာသီအတွင်း ကလပ်အသင်းပွဲစဉ်များတွင် ခြေစွမ်းပိုင်းအပေါ် ဝေဖန်မှုအချို့နဲ့ ကြုံတွေ့နေပေမဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ ယူရို ၂၀၂၄ အကြို ခြေစစ်ပွဲအုပ်စုပွဲစဉ်များတစ်လျှောက် ဂိုးဖန်တီးမှု ၇ ကြိမ်နဲ့ သွင်းဂိုး ၆ဂိုး သွင်းယူကာ ခြေစွမ်းပြကစားနေတာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ပရိသတ်တွေ အနေဖြင့် နိုင်ငံအသင်းနဲ့အတူ ခြေစွမ်းကောင်းပြသနေတဲ့ သရဲနီအသင်းခေါင်းဆောင်ရဲ့ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေကို အိုးထရက်ဖို့ဒ်မြက်ခင်းပြင်အထက်မှာပါ မြင်တွေ့လိုနေကြတာ ဖြစ်ပါတယ်။

နည်းပြ တန်ဟတ်ရဲ့ ယူနိုက်တက်အသင်းက ရှေ့လာမယ့်ပွဲစဉ်တွေအဖြစ် အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင် ကစားသွားရမှာဖြစ်ပြီး အဆိုပါ ပွဲစဉ် အပြီးတွင် ဂါလာတာစာရေးအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ် ကစားသွားရမှာပဲ ဖြစ်ပါတယ်။

#ပေါ်တူဂီ #ဖာနန်ဒက်စ် #အိုက်စလန် ယူရို၂၀၂၄ခြေစစ်ပွဲ