ရှေ့သို့
Image

မြူးနစ်ကလပ်နဲ့အတူ ဂိုးသွင်းကြမ်းနေတဲ့ ကိန်းကြောင့် ပရီးမီးယားလိဂ်ပရိသတ်တွေ အလွမ်းသယ်နေကြရမယ်လို့ဆိုတဲ့ လိုသာမက်သီးရက်စ်

2:10 PM, 20 November

ပရီးမီးယားလိဂ်ကလပ် တော့တင်ဟမ်အသင်းတွင် အဓိက ဆုဖလားတွေနဲ့ အလှမ်းကွာနေခဲ့တာကြောင့် ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ ဖြင့် ပြောင်းရွှေ့ကစားကာ သွင်းဂိုးတွေ စံချိန်တင် သွင်းယူနေတဲ့ ဟယ်ရီကိန်းကြောင့် ပရီးမီးယားလိဂ်ကလပ်တွေလွမ်းဆွတ်နေရမယ့် အကြောင်း အားကစားသုံးသပ်သူ လိုသာမက်သီးယက်စ်က ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ဂျာမနီနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ အားထားရတဲ့ ကွင်းလယ်ကစားသမားတစ်ဦးအဖြစ် ပါဝင်ကစားပေးခဲ့ဖူးတဲ့ ဂျာမန်အားကစားသုံးသပ်သူ လိုသာမက်သီးရက်စ်အနေဖြင့် ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းဂိုးသွင်းစက် ဟယ်ရီကိန်းရဲ့ ဂျာမန်မြေကို ပြောင်းရွှေ့လာမှုအပေါ် များစွာကြေနပ်နေတာလည်း ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလအတွင်း နိုင်ငံအသင်းအတွက် ဂိုးသွင်းအများဆုံး စံချိန်တင်ထားနိုင်တဲ့ ကိန်းကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀(ပေါင် ၈၇ သန်း) ဖြင့် ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံလက်ရွေးစင် အသင်းအပြင် တော့တင်ဟမ်အသင်းအတွက်ပါ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်ထားနိုင်တဲ့ ကိန်းအနေဖြင့် ဂျာမန်မြေမှာလည်း သွင်းဂိုးတွေ ဆက်တိုက်ရှာဖွေထားနိုင်ပြီး ပွဲစဉ် ၁၆ ပွဲသာ ကစားပြီးချိန်တွင် ဟက်ထရစ် ၃ ကြိမ် အပါအဝင် သွင်းဂိုး ၂၂ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ကိန်းနဲ့ ပတ်သက်လို့ ဂျာမန်ဘောလုံးသုံးသပ်သူ လိုသာမက်သီးရက်စ်က “ဘိုင်ယန်မြူးနစ်အသင်းအတွက်သာ မကပါဘူး။ ဘွန်ဒက်စ်လီဂါနဲ့ ဂျာမနီနိုင်ငံအတွက်ပါ သိပ်ကောင်းမွန်လှပတဲ့ အပြောင်းအရွှေ့တစ်ခုဖြစ်ခဲ့တာပါ။ ကျွန်တော့်အထင် ပရီးမီးယားလိဂ်ပရိသတ်တွေ အနေနဲ့ ကိန်းကို လွမ်းနေကြမယ်ထင်ပါတယ်။ ကိန်းက ဂျာမန်မြေမှာပါ အရင်ကမရှိခဲ့သေးတဲ့ စံချိန်တွေကို သွင်းဂိုးတွေနဲ့ ရေးထိုးပြနေတာလေဗျာ”လို့ သုံးသပ်ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#ဟယ်ရီကိန်း #ဘိုင်ယန်မြူးနစ် #မားသီးရက်စ် #ပရီးမီးယားလိဂ်