ရှေ့သို့
Image

ဘာစီလိုနာဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တက်ရောက်ဖို့ ထိုက်တန်မှုူရှိတယ်လို့ပြောကြားလာတဲ့ ကန်ဆယ်လို

10:24 AM, 29 November

ယနေ့နံနက်အစောပိုင်းက ပေါ်တိုကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ဘာစီလိုနာအတွက် ဂိုးတစ်ဂိုး သွင်းယူပေးခဲ့တဲ့ နောက်ခံလူ ဂျိုအိုကန်ဆယ်လိုက ဘာစီလိုနာဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တက်ရောက်ဖို့ ထိုက်တန်မှုရှိတယ်လို့ ပြောကြားလာခဲ့ပါတယ်။

ကတ်တလန်အသင်းဟာ မကြာသေးမီရာသီများအတွင်း ချန်ပီယံလိဂ်မှာ အုပ်စုအဆင့်ကနေပဲ လှည့်ပြန်ခဲ့ရပေမယ့် ယခုရာသီမှာတော့ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ပေါ်တိုကိုဂိုးသွင်းယူနိုင်ခဲ့တဲ့ ကန်ဆယ်လိုဟာ ယခုပွဲစဉ်ရဲ့အကောင်းဆုံးကစားအဖြစ်သတ်မှတ်ခံခဲ့ရပြီးနောက်မှာတော့ ၎င်းရဲ့အသင်းဟာ ၁၆ သင်း အဆင့်ရဲ့ထိုက်တန်မှုရှိတယ်လို့ ဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။

နောက်ခံလူက “ကျွန်တော်တို့ ဒီပွဲကိုနောက်ဆုံးပွဲလို့သဘောထားပြီး အနိုင်ရအောင်ကန်မယ်လို့ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါကြောင့် အခုအခါမှာတော့ ဘာစီလိုနာဟာ သူနဲ့ထိုက်တန်တဲ့ ရှုံးထွက်အဆင့်ကိုတက်လှမ်းနိုင်ခဲ့ပါပြီ။ ရလဒ်တွေက ထင်ထားသလိုဖြစ်မလာဘူးဆိုရင်တော့ ယုံကြည်မှုကျဆင်းနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ အံ့မခန်းအတွေ့အကြုံရင့်ပြီး အရည်အချင်းပြည့်မီတဲ့ စုဖွဲ့မှုရှိပါတယ်။ ကျွန်တော်တို့နဲ့ထိုက်တန်တဲ့အောင်ပွဲပါ။ ကျွန်တော့်ရဲ့ တံကောက်ကြောက နည်းနည်းတင်းကျပ်နေတယ်လို့ခံစားရလို့ လူးစားလဲခဲ့တာပါ။ ဒါပေမယ့် အခုတော့ သက်တောင့်သက်သာရှိပါတယ်။ လိုအပ်ရင် အသင်းရဲ့ဘယ်ဘက်ခြမ်းမှာ ကစားရတာကို နှစ်သက်ပါတယ်။ အဓိကက မှန်ကန်တဲ့ရလဒ်တွေရရှိဖို့ပါ” လို့ ပြောကြားခဲ့ပါတယ်။

ယခုနိုင်ပွဲကြောင့် နည်းပြဇာဗီရဲ့အသင်းဟာ ကြီးမားတဲ့တွန်းအားတွေရရှိခဲ့ပေမယ့် ယခုသီတင်းပတ်အကုန်မှာတော့ ခက်ခဲတဲ့ပွဲစဉ်အဖြစ် လာလီဂါမှာ အက်သလက်တီကိုမက်ဒရစ်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

#ဘာစီလိုနာ #ကန်ဆယ်လို #ချန်ပီယံလိဂ် #ပေါ်တို