ရှေ့သို့
Image

ဝက်စ်ဟမ်းနှင့် ပွဲမတိုင်မီ မက်ဂွါရီ၊ မာတီနက်ဇ်နှင့် ကက်စ်မဲရိုးတို့ရဲ့ ဒဏ်ရာအခြေအနေကို ပြောကြားလိုက်တဲ့ အဲရစ်တန်ဟက်

9:51 AM, 23 December

ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ယူနိုက်တက်ရဲ့ ဝက်စ်ဟမ်းသို့ သွားရောက်ကစားရမယ့် ပွဲမတိုင်မီ အသင်းရဲ့ ဒဏ်ရာအခြေအနေကို တန်ဟက်က‌ ပြောကြားလိုက်ပါတယ်။

ခရစ္စမတ်မတိုင်ခင် နောက်ဆုံးပွဲစဉ်အဖြစ် ယူနိုက်တက်ဟာ စနေနေ့မှာ လန်ဒန်ကွင်းသို့ သွားရောက်ကစားရမှာဖြစ်ပြီး အနိုင်ရရှိခဲ့ပါက အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာသို့ တက်လှမ်းနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ယူနိုက်တက်ရဲ့ ဒီတစ်ပတ်အတွက် အနိုင် ၃ မှတ်ရရှိရေးဟာ အသင်းရှိကစားသမားတွေရဲ့ ဒဏ်ရာရရှိမှုကြောင့် သက်ရောက်မှုတွေရှိလာနိုင်ပါတယ်။

"ဒီတစ်ပတ်မှာ အဖျားရောဂါရှိမှုတွေ၊ ကစားနိုင်မဖို့ သေချာတာတွေရှိနေပါတယ်၊ မနက်ဖြန်ပွဲအတွက် ဘယ်သူတွေ ကစားနိုင်မလဲဆိုတာကြည့်ရမှာပါ သူတို့တွေပြန်ကောင်းလာဖို့အတွက် မျှော်လင့်မိပါတယ်"လို့ ပွဲမတိုင်ခင် သောကြာနေ့မှာ တန်ဟက်က ပြောခဲ့ပါတယ်။၊

ယူနိုက်တက်မှာ ပွဲပယ် ဒါမှမဟုတ် ကစားဖို့မသေချာနေတာက ကစားသမား ၁၁ ဦးအထိ ရှိနေပြီး မာတီနက်ဇ်၊ ကက်စ်မဲရိုးတို့အပါအဝင် ပထမအသင်း ကစားသမားအများစုရဲ့ နောက်ဆုံးအခြေအနေတွေကို တန်ဟက်က မေးမြန်းခြင်းခံခဲ့ရပါတယ်။

"သူတို့တွေက ခရစ္စမတ်မတိုင်ခင်အထိ ကစားနိုင်မှာမဟုတ်ပါဘူး၊ ဇန်နဝါရီ အလယ်လောက်မှာ ကစားနိုင်ဖို့ မျှော်လင့်မိပါတယ်။ မေဆင်မောင့်ကလည်း ဇန်နဝါလလောက်ပါပဲ။ မက်ဂွါရီကတော့ စောမယ်လို့ မျှော်လင့်မိပါတယ်"လို့ တန်ဟက်က ပြောပါတယ်။ မကြာသေးခင်က လင်ဒီလော့ဖ်ဟာ ခွဲစိတ်မှုခံယူခဲ့ရကြောင်း ယူနိုက်တက်နည်းပြက ပြောကြားခဲ့ပြီး ဒါကြောင့် ခရစ္စမတ်ကာလပွဲစဉ်တွေကို လွဲချော်မှာဖြစ်ပါတယ်။

"လင်ဒီလော့ဖ်က ကစားနိုင်မှာမဟုတ်ပါဘူး၊ သူက ခွဲစိတ်မှုခံယူခဲ့တာဖြစ်ပြီး ရက်သတ္တပတ် ၂ ပတ်လောက် နားရမှာဖြစ်ပါတယ်။သူက ခွဲစိတ်မှုကို မဖြစ်မနေလုပ်ခဲ့ရတာဖြစ်ပါတယ်"လို့ တန်ဟက်က ပြောပါတယ်။ ခံစစ်မှာ ပြဿနာတွေရှိနေတာကြောင့် ဗာရာနီ၊ အီဗန်တို့ကတော့ ဝက်စ်ဟမ်းနှင့်ပွဲမှာ ပွဲထွက်လာဖွယ်ရှိနေပြီး ပြီးခဲ့တဲ့ ၇ ပွဲကို လွဲချော်ခဲ့တဲ့ အဲရစ်ဆင်ကလည်း ပြန်လည်ပါဝင်လာဖွယ်ရှိနေပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်က လီဗာပူးနှင့်ပွဲမှာ အနီကဒ်ထိခဲ့တဲ့ ဒါလော့ကတော့ ပွဲပယ်ခံနေရပါတယ်။

#မန်ချက်စတာယူနိုက်တက် #မက်ဂွါရီ #ကက်စ်မဲရိုး #မာတီနက်ဇ် #အဲရစ်တန်ဟက် #ပရီးမီးယားလိဂ်