ရှေ့သို့
Image

သူမရှိချိန်မှာလည်း တိုးတက်မှုတွေပြုလုပ်ဖို့ တော့တင်ဟမ်ကို အမှာစကားပြောကြားလိုက်တဲ့ ဆွန်ဟောင်မင်

8:38 PM, 4 January

တော့တင်ဟမ်အသင်းခေါင်းဆောင် ဆွန်ဟောင်မင်က အာရှဖလားအတွက် တောင်ကိုရီးယားအသင်းနဲ့ ပူးပေါင်းသွားမှာဖြစ်တာကြောင့် သူမရှိချိန်မှာလည်း အသင်းကို တိုးတက်မှုတွေပြုလုပ်ဖို့ ကစားသမားတွေကို အမှာစကားပြောကြားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့နွေရာသီက တော့တင်ဟမ်မှ တိုက်စစ်မှူး ဟယ်ရီကိန်းထွက်ခွာသွားသော်လည်း ဆွန်ဟောင်မင်က အသင်းရဲ့ ဂိုးသွင်းတဲ့တာဝန်ကို ပခုံးထမ်းယူခဲ့ပြီး ဒီရာသီပရီးမီးယားလိဂ်မှာ ၁၂ ဂိုးသွင်းပြီး ၅ ဂိုးအထိ ဂိုးဖန်တီးမှုပြုလုပ်ထားနိုင်တာဖြစ်ပါတယ်။ 

သို့သော်လည်း ယခုအခါမှာတော့ ဆွန်ဟောင်မင်ဟာ အာရှဖလားပြိုင်ပွဲအတွက် တောင်ကိုရီးယားအသင်းနဲ့ ပူးပေါင်သွားရမှာဖြစ်လို့ အသင်းနည်းပြ ပိုစတီကိုဂလူအနေနဲ့ တောင်ကိုရီးယားဂိုးသွင်းစက်ကို ကာလအနည်းငယ်ကြာ လက်လွှတ်သွားရမှာဖြစ်ပါတယ်။

ဆွန်ဟောင်မင်ကတော့ သူမရှိချိန်မှာလည်း အသင်းရဲ့ကစားသမားတွေကို တိုးတက်မှုတွေပြုလုပ်ဖို့ အမှာစကားပြောကြားခဲ့ပြီး ဟယ်ရီကိန်းမရှိစဉ်ကလိုပဲ အသင်းကို ပုံမပျက်စေဘဲ အကောင်းဆုံး လုပ်ဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

အသင်းခေါင်း‌ဆောင်က "ကျွန်တော်မရှိတဲ့အချိန်မှာ အသင်းရဲ့ကစားသမားတွေအနေနဲ့ ဆက်လက်ပြီး တိုးတက်မှုတွေပြုလုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ သူတို့က ကျွန်တော့်အသင်းဖော်တွေဆိုပေမယ့် မိသားစုတွေလိုပါပဲ။ သူတို့ ဂိုးတွေလည်းတတ်နိုင်သလောက်သွင်းနိုင်မယ်လို့ထင်ပါတယ်။ ဟယ်ရီမရှိတဲ့အချိန်မှာလည်း ကျွန်တော်တို့ ဒီလိုပဲ တိုးတက်လာခဲ့ကြတာပါ။ ဒီလိုခက်ခဲတဲ့အခြေအနေမှာ ကစားသမားတစ်ယောက်အနေနဲ့ရော လူသားတစ်‌ယောက်အနေနဲ့ပါ တိုးတက်လာသင့်ပါတယ်။ ရစ်ချာလီဆန်က ဂိုးတွေသွင်းပြီး အကောင်းဆုံးတွေလုပ်ပြနေပါပြီ။ သူ့အနေနဲ့ သွင်းဂိုးတွေပိုမိုဆာလောင်လာမယ်လို့ ထင်ပါတယ်။ ကူလူဆက်ဗ်စကီးနဲ့ ဂျွန်ဆင်တို့လည်း အတူတူပါပဲ။ တိုက်စစ်မှာကစားနေတဲ့ ကစားသမားတွေအားလုံး ဂိုးတွေပိုသွင်းပြီး အသင်းကို ပိုကောင်းတဲ့ နေရာတစ်ခုဆီပို့ဆောင်နိုင်မယ်လို့ယုံကြည်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

ဆွန်ဟောင်မင်ဟာ အာရှဖလားပြိုင်ပွဲကြောင့် တော့တင်ဟမ်ရဲ့ပွဲစဉ် ၅ ပွဲလောက်အထိကို လွဲချော်သွားမှာဖြစ်ပါတယ်။ တောင်ကိုရီးယားဟာ အုပ်စုအဆင့်မှာ ဘာရိန်း၊ ဂျော်ဒန်၊ မလေးရှားအသင်းတွေနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ 

တော့တင်ဟမ်ဟာ သောကြာနေ့မှာ အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်အဖြစ် ဘန်လေအသင်းနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဆွန်ဟောင်မင်ဟာ အဆိုပါပွဲစဉ်မှာစတင်ပြီး မန်ချက်စတာယူနိုက်တက်၊ ဘရန့်ဖို့ဒ်၊ အဲ‌ဗာတန်နဲ့ ဘရိုက်တန်တို့နဲ့ပွဲစဉ်တွေကို လွဲချော်သွားမှာဖြစ်ပါတယ်။ 

ယခုရာသီမှာ ဆွန်ဟာ ၁၂ ဂိုးသွင်းပြီး ၅ ဂိုးဖန်တီးထားတာကြောင့် ပြီးခဲ့တဲ့ရာသီက ၁၀ ဂိုးသွင်းပြီး ၆ ဂိုးဖန်တီးထားနိုင်ခဲ့တဲ့ စွမ်းဆောင်မှုထက်သာလွန်နေပြီဖြစ်ပါတယ်။ လာမယ့်ပွဲစဉ်တွေမှာတော့ ဆွန်မရှိတာကြောင့် တော့တင်ဟမ်ဟာ တိုက်စစ်ပိုင်းကို ကူလူဆက်ဗ်စကီး၊ ဘရန်နန်ဂျွန်ဆင်၊ ရစ်ချာလီဆန်တို့နဲ့အတူ တည်ဆောက်သွားရမှာဖြစ်ပါတယ်။ 


#တော့တင်ဟမ် #ဆွန်ဟောင်မင် #ဟယ်ရီကိန်း