ရှေ့သို့
Image

တော့တင်ဟမ်နဲ့ ပွဲစဉ်မှာ အသင်းရဲ့အဓိက ကစားသမားတွေပြန်ပါနိုင်မယ်လို့ မျှော်လင့်နေတဲ့ တန်ဟက်

11:00 AM, 9 January

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က လာမယ့် တော့တင်ဟမ်နဲ့ပွဲစဉ်မှာ အသင်းရဲ့ အဓိကကြယ်ပွင့် ကစားသမားတွေဖြစ်တဲ့ လုခ်ရှော၊ ခရစ်ရှင်အဲရစ်ဆင်နဲ့ ဟယ်ရီမက်ဂွါရီတို့ ဒဏ်ရာပြဿနာမှ ပြန်လာနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ယနေ့နံနက်အစောပိုင်းက ယူနိုက်တက်ဟာ အက်ဖ်အေဖလားပွဲစဉ်မှာ ဝီဂန်ကို နောက်ခံလူ ဒီယေဂိုဒါလော့၊ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်တို့ သွင်းဂိုးတွေနဲ့အတူ ၀-၂ နဲ့ အနိုင်ရရှိခဲ့ပြီး ပုံစံကောင်းကိုပြသထားနိုင်ခဲ့တာ ဖြစ်ပါတယ်။  လာမယ့် တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ ခက်ခဲ့တဲ့ပွဲစဉ်အဖြစ် တော့တင်ဟမ်ကို အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး တန်ဟက်အနေနဲ့ သူ့ရဲ့အသင်းကို အင်အားဖြည့်တင်းမှုတွေ ပြုလုပ်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

ဝီဂန်ကိုအနိုင်ရရှိပြီးနောက် သတင်းစာရှင်းလင်းပွဲမှာတန်ဟက်က “ကစားသမားအချို့က ဒဏ်ရာကနေ သက်သာလာပါပြီ။ ပြန်ကစားနိုင်မယ့် ကစားသမားတွေလည်း ရှိနေပါတယ်။ သူတို့အနေနဲ့ ဒီအပတ်အကုန်လောက်မှာ ကစားနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ ခရစ်ရှင်အဲရစ်ဆင်၊ လုခ်ရှောနဲ့ ဟယ်ရီမက်ဂွါရီတို့ပါ။ မေဆင်မောင့်ကတော့ ရက်အနည်းငယ်အနားယူဖို့လိုပါသေးတယ်” လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီတုန်းက ချဲလ်ဆီးမှ အိုးလ်ထရက်ဖို့ဒ်သို့ပြောင်းရွှေ့လာတဲ့ ကွင်းလယ်လူမေဆင်မောင့်ဟာ အခက်အခဲတွေနဲ့ ရုန်းကန်နေခဲ့ရပြီး ယခုရာသီမှာယူနိုက်တက်အတွက် ၈ ပွဲသာ ပါဝင်ကစားထားရတာဖြစ်ပါတယ်။ အင်္ဂလန်သားဟာ လက်ရှိမှာလည်း ခြေသလုံးကြွက်သားဒဏ်ရာကြောင့် ကာလရှည်အနားယူနေရပြီး ဒီလနှောင်းပိုင်းလောက်မှာ ပြန်လည်ကစားနိုင်ဖို့ အလားအလာရှိပါတယ်။

လီဆန်ဒရိုမာတီနက်ဇ်နဲ့ ကတ်စမဲရိုးကတော့ အခုချိန်အထိ ကစားနိုင်ဖို့ အလားအလာမရှိသေးတာကြောင့် တန်ဟက်က ဒဏ်ရာပြဿနာတွေကြောင့် ယူနိုက်တက်ဟာ ရုန်းကန်နေရဆဲဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။

တန်ဟက်က “ဒဏ်ရာပြဿနာတွေက စိတ်ပျက်စရာပါပဲ။ ဒါပေမယ့် ကျွန်တော်ကတော့ စိတ်ပျက်မနေချင်ပါဘူး။ ဒါက အသင်းအတွက် ဘာမှအထောက်အကူမဖြစ်စေဘူးလေ။ ကျွန်တော်တို့ ရနိုင်သလောက် လူအင်အားနဲ့ အသင်းရဲ့စွမ်းဆောင်ရည်ကို ထိန်းသိမ်းပြီး ရလဒ်ကောင်းတွေကို ပုံဖော်နိုင်ဖို့ ကြိုးစားနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

တိုင်ယဲလ်မာလာစီယာနဲ့ ဗစ်တာလင်ဒီလော့ဖ်က မကြာခင်မှာပဲ ပြန်လာနိုင်တော့မှာ ဖြစ်ပေမယ့် တန်ဟက်ကတော့ သူတို့ရဲ့ တိုးတက်မှုအခြေအနေကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါဘူး။ အန်တိုနီမာရှယ်က ဖျားနာမှုကြောင့် ဝီဂန်နဲ့ပွဲစဉ်ကိုလွဲချော်ခဲ့သလို အာမက်ဒီယာလိုကလည်း ခရီးစဉ်မှာ လိုက်ပါခဲ့ခြင်း မရှိပေမယ့် ကစားသမား ၂ ဦးစလုံးဟာ ဒဏ်ရာပြဿနာမရှိတာကြောင့် မကြာခင်မှာပဲ ပြန်လည်ပါဝင်လာနိုင်တော့မှာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #မက်ဂွါရီ #အဲရစ်တန်ဟက် #အဲရစ်ဆင် #ပရီးမီးယားလိဂ်