ရှေ့သို့
Image

ရော်နယ်ဒိုကိုကျော်ဖြတ်ပြီး အာရှဘော်လွန်းဒီအော်ဆုကို ၇ ကြိမ်ဆက်တိုက် ဆွတ်ခူးရရှိခဲ့တဲ့ ဆွန်ဟောင်မင်

11:07 AM, 17 January

တော့တင်ဟမ်နဲ့ တောင်ကိုရီးယားအသင်းခေါင်းဆောင် ဆွန်ဟောင်မင်ဟာ အယ်လ်နာဆာနဲ့ ပေါ်တူဂီစူပါစတား ခရစ္စတီယာနိုရော်နယ်ဒိုကိုကျော်ဖြတ်ပြီး အာရှဘော်လွန်းဒီအော်ဆုကို ၇ ကြိမ်ဆက်တိုက် ဆွတ်ခူးရရှိခဲ့ပါတယ်။ တောင်ပံကစားသမားဟာ ၂၀၂၃ ခုနှစ်အတွင်းမှာ ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် စုစုပေါင်း ၂၇ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး တောက်ပတဲ့ခြေစွမ်းတွေလည်း ပြသနိုင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ဆွန်ဟောင်မင်ဟာ အာရှဖလားပြိုင်ပွဲအတွက်  တောင်ကိုရီးယား လက်ရွေးစင် အသင်းနဲ့ပူးပေါင်းနေပြီး အဖွင့်ပွဲမှာ ဘာရိန်းကို ၃-၁ နဲ့ အနိုင်ရရှိခဲ့ကာ ဂျော်ဒန်၊ မလေးရှားတို့နဲ့ ဆက်လက်ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ တော့တင်ဟမ် တိုက်စစ်မှူးဟာ ၂၀၂၄ ခုနှစ်ကို တစ်ဦးချင်း ဆုတံဆိပ်နဲ့ စတင်နိုင်ခဲ့ပြီး ဆော်ဒီကလပ် အယ်လ်နာဆာက ရော်နယ်ဒိုကိုလည်း ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အာရှအကောင်းဆုံး ကစားသမားဆုကို AFC နဲ့ ဆက်စပ်တဲ့နိုင်ငံက ဘယ်နိုင်ငံသားမဆို ဆွတ်ခူးနိုင်တာဖြစ်တာပါတယ်။ ဒါကြောင့် ရော်နယ်ဒိုသာမက ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ဆော်ဒီပရိုလိဂ်သို့ ပြောင်းရွှေ့လာခဲ့ကြတဲ့ နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ ဆာဒီယိုမာနေး၊ မီလင်ကိုဗစ်ဆာဗစ်၊ အန်ဂိုလိုကန်တေ၊ ကာရင်ဘန်ဇီးမားတို့ကလည်း ဒီဆုကိုရဖို့ အလားအလာရှိခဲ့ကြတာ ဖြစ်ပါတယ်။

တော့တင်ဟမ်အသင်းကလည်း တွစ်တာမှတစ်ဆင့် “ဂုဏ်ယူပါတယ် အသင်းခေါင်းဆောင်ရေ။ အာရှအကောင်းဆုံး ကစားသမားဆုကို ၇ နှစ်ဆက်တိုက် ရရှိခဲ့တဲ့ ဆွန်ဟောင်မင်ကို ဂုဏ်ပြုလိုက်ရအောင်” လို့ ရေးသားမျှဝေခဲ့ပါတယ်။

ဆွန်ဟောင်မင်ဟာ AFC မှာ ၅ လခန့်သာ ပါဝင်ယှဉ်ပြိုင်ခဲ့တာကြောင့် ရော်နယ်ဒိုက ဒီဆုကိုရဖို့ ပိုအလားအလာရှိတယ်လို့ ယူဆခဲ့ကြသော်လည်း ပေါ်တူဂီသားဟာ ဆွန်ဟောင်မင်ကို အနီးကပ်ဆုံး ဖိအားပေးနိုင်ခဲ့တဲ့ ပြိုင်ဘက်တောင် မဟုတ်ခဲ့ပါဘူး။ တောင်ကိုရီးယား အသင်းခေါင်းဆောင်ဟာ မဲအရေအတွက် ၂၂.၉ ရာခိုင်နှုန်းအထိရရှိခဲ့ပြီး သတ္တမမြောက် အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ဆွန်ဟောင်မင်ဟာ အာရှဘော်လွန်းဒီအော်ဆုကို စုစုပေါင်း ၉ ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်တွေမှာလည်း ၂ နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကစားသမားဟာ ၉ ကြိမ်ဆက် ဆွတ်ခူးနိုင်ဖို့ အလားအလာ ရှိခဲ့ပေမယ့် ကြားထဲက ၂၀၁၆ ခုနှစ်မှာ ဂျပန်ကစားသမား ရှင်ဂျီအိုကာဇာကီက တစ်ကြိမ်ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ယခုနှစ်အတွက် ဆွန်ကို အနီးကပ်ဆုံး အမှီလိုက်နိုင်ခဲ့တဲ့ ကစားသမားကတော့ သူ့ရဲ့တောင်ကိုရီးယား အသင်းဖော်ဖြစ်တဲ့ ကင်မင်ဂျေးဖြစ်ပြီး မဲအရေအတွက် ၁၉.၅၄ ရာခိုင်နှုန်းအထိ ရရှိခဲ့တာဖြစ်ပါတယ်။ ကင်မ်ဟာ ပြီးခဲ့တဲ့ရာသီက နာပိုလီ အသင်းကို စီးရီးအေဖလား ဆွတ်ခူးနိုင်ဖို့ အဓိကအခန်းကဏ္ဍကနေ ပါဝင်ကူညီပေးနိုင်ခဲ့ပြီး နွေရာသီမှာတော့ ပေါင် ၄၃ သန်းနဲ့ ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

ဘော်လွန်းဒီအော် ၅ ဆုရှင် ရော်နယ်ဒိုကတော့ တတိယနေရာသာရရှိခဲ့ပြီး မဲအရေအတွက် ၁၇.၀၆ ရာခိုင်နှုန်းသာ ရရှိခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်း အနေနဲ့ ဆွန်ဟောင်မင်နဲ့ ကင်မင်ဂျေးတို့ထက် နိမ့်ကျခဲ့တာက အငြင်းပွားစရာဖြစ်နိုင်သော်လည်း ဂန္ထဝင်တိုက်စစ်ကစားသမားဟာ အယ်လ်နာဆာ အတွက်တော့ အရေးပါတဲ့ ကစားသမားအဖြစ် ရပ်တည်နေဆဲဖြစ်ပါတယ်။
 
ရော်နယ်ဒိုဟာ ၂၀၂၃ ခုနှစ်အတွင်းမှာ အယ်လ်နာဆာအသင်း အတွက် ၁၈ ပွဲ ကစားထားရာမှာ ဂိုး ၂၀ အထိ သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၉ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

#တော့တင်ဟမ် #ရော်နယ်ဒို #ဆွန်ဟောင်မင် #ပရီးမီးယားလိဂ်