ရှေ့သို့
Image

ဆာလက်ရဲ့ဒဏ်ရာအခြေအနေကို အသိပေးလာခဲ့တဲ့ အီဂျစ်နည်းပြ

11:26 AM, 19 January

အီဂျစ်လက်ရွေးစင်နည်းပြ ယူရီဗစ်တိုးရီးယားက ယမန်နေ့ညက ဂါနာနဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ အသင်းရဲ့တိုက်စစ်မှူး မိုဟာမက်ဆာလက်ရဲ့ ဒဏ်ရာအခြေအနေဟာ စိုးရိမ်စရာမရှိကြောင်း အသိပေးပြောကြားလာခဲ့ပါတယ်။

ဆာလက်ဟာ ဒဏ်ရာရရှိပြီး ဆက်မကစားနိုင်တော့တာကြောင့် ပထမပိုင်း ၄၅ မိနစ်မှာလဲ လူစားလဲခဲ့ရပြီး တိုက်စစ်မှူး ထွက်ခွာသွားချိန်မှာတော့ အီဂျစ်ဟာ ပုံစံကောင်းရဖို့ အတော်လေးရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ လီဗာပူးတိုက်စစ်မှူးဟာ အသင်းခေါင်းဆောင် လက်ပတ်ကို အသင်းဖော် အာမက်ဟီဂါဇီကိုပေးအပ်ပြီးနောက် ကွင်းထဲကနေ ချက်ချင်းပဲထွက်ခွာလာခဲ့တာဖြစ်ပါတယ်။

ဆာလက် ထွက်ခွာသွားပြီးနောက် တစ်မိနစ်အကြာမှာပဲ ဂါနာက ဦးဆောင်ဂိုးရရှိခဲ့ပြီး မိုဟာမက်ကူဒက်စ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အီဂျစ်အတွက် ချေပဂိုးကို ဒုတိယပိုင်း ၆၉ မိနစ်မှာ မာမွတ်ရှ်က သွင်းယူပေးခဲ့ပေမယ့် ၂ မိနစ် အကြာမှာပဲ နောက်ထပ်ဦးဆောင်ဂိုး တစ်ဂိုး ခွင့်ပြုခဲ့ရပြီး ကူဒက်စ်ကပဲ ထပ်မံသွင်းယူခဲ့တာ ဖြစ်ပါတယ်။

သို့သော် အီဂျစ်က နောက်ထပ်တစ်ကြိမ် ထပ်မံချေပနိုင်ခဲ့ပြီး ၇၄ မိနစ်မှာ မိုဟာမက်က ၂-၂ ဖြစ်စေမယ့် သွင်းဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ယခုသရေပွဲကြောင့် အီဂျစ်ဟာ အုပ်စုရဲ့ ဒုတိယနေရာမှာ ရမှတ် ၂ မှတ်နဲ့ ရပ်တည်နေပြီး ထိပ်ဆုံးက တစ်ပွဲလျော့ ကိပ်ဗာဒီနဲ့ ၁ မှတ်ကွာဟနေပါတယ်။ တကယ်လို့ ကိပ်ဗာဒီအနေနဲ့ ယနေ့မှာ ကစားမယ့် မိုဇမ်ဘီးနဲ့ ပွဲစဉ်မှာ နိုင်ပွဲရရှိမယ်ဆိုပါက ရှုံးထွက်အဆင့်ကို တက်ရောက်သွားနိုင်တော့မှာဖြစ်ပါတယ်။

အီဂျစ်အနေနဲ့လည်း ပြိုင်ပွဲကနေ စောစောစီးစီးမထွက်ခွာလိုပါက ကိပ်ဗာဒီနဲ့ပွဲစဉ်မှာ အနိုင်ကစားဖို့ လိုအပ်နေပါတယ်။ ပွဲအပြီးမှာတော့ ဆာလက်က ဂျာနယ်လစ်တွေရဲ့ မေးခွန်းတွေကို ဖြေဖို့ ဆန္ဒမရှိတာကြောင့် အသင်းနည်းပြကပဲ ကြယ်ပွင့်ကစားသမားရဲ့ ဒဏ်ရာအခြေအနေက မစိုးရိမ်ရကြောင်းကို အသိပေးခဲ့တာဖြစ်ပါတယ်။

#လီဗာပူး #ဂါနာ #အီဂျစ်