ရှေ့သို့
Image

မူလခန့်မှန်းထားတာထက် ပိုမိုဆိုးရွားနေတဲ့ မိုဆာလက်ရဲ့ဒဏ်ရာအခြေအနေ

10:28 AM, 23 January

မိုဆာလက်ရဲ့ ဒဏ်ရာအခြေအနေဟာ မူလခန့်မှန်းထားတာထက် ပိုမိုဆိုးရွားနေတယ်လို့ လီဗာပူးအသင်းမှ အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲတဲ့ကြာသပတေးနေ့၊ အာဖရိကနိုင်ငံများဖလား အုပ်စုပွဲစဉ်အဖြစ် ဂါနာနဲ့ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့ ပွဲစဉ်ရဲ့ ပထမပိုင်းပွဲချိန်အတွင်း အီဂျစ်အသင်း ခေါင်းဆောင်မှာ ဒဏ်ရာပေါ်ပေါက်လာခဲ့လို့ လူစားလဲလှယ်ခဲ့ရပါတယ်။

လတ်တလောမှာတော့ မိုဆာလက်က မာဆေးဆိုဒ်ဒေသဆီ ပြန်လာပြီး ဒဏ်ရာကိုကုသမှုခံယူရန် ပြင်ဆင်နေပါတယ်။ ဒဏ်ရာသာ အချိန်မီ သက်သာလာမယ်ဆိုရင် မိုဆာလက်က အိုင်ဗရီကို့စ်နိုင်ငံမှာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲဝင်နေတဲ့ အီဂျစ်အသင်းဆီ ပြန်လည်ပူးပေါင်းဖို့ မျှော်လင့်နေပါတယ်။

ဒါပေမယ့် ယမန်နေ့မှာ အသက်-၃၁ နှစ်အရွယ်ကစားသမားရဲ့အေးဂျင့်ဖြစ်သူ ရာမီအာဘက်စ်က မိုဆာလက်ဟာ အခုဒဏ်ရာကြောင့် အနည်းဆုံး ၂၁ ရက်မှ ၂၈ ရက်အထိ အနားယူရမယ့်အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။ လွန်ခဲ့တဲ့နာရီပိုင်းမှာပဲ မိုဆာလက်ရဲ့နောက်ဆုံး အခြေအနေနဲ့ ပတ်သက်လို့ သတင်းအချက်အလက်တွေ ပေးပို့လာတဲ့ ယာဂန်ကလော့ပ်ရဲ့အသင်းကလည်း ရာမီအာဘက်စ်ရဲ့ပြောဆိုမှုအပေါ် ထောက်ခံပေးခဲ့ပါတယ်။

လီဗာပူးအသင်းရဲ့ထုတ်ပြန်ချက်မှာ “ပြီးခဲ့တဲ့သီတင်းပတ်၊ အီဂျစ်အသင်းအတွက် ပါဝင်ကစားပေးချိန် ကြွက်သားဒဏ်ရာ ရရှိခဲ့တဲ့ မိုဆာလက်က AXA လေ့ကျင့်ရေးကွင်းဆီ လာမယ့်ဗုဒ္ဓဟူးနေ့မှာ ပြန်လည်ရောက်ရှိလာမှာဖြစ်ပြီး အသင်းဆေးအဖွဲ့နဲ့အတူ ပြန်လည်ထူထောင်ရေးအစီအစဉ်တွေကို အကြိတ်အနယ်လုပ်ဆောင်သွားပါလိမ့်မယ်။ မူလခန့်မှန်းထားတာထက် ပိုဆိုးရွားနေတဲ့ သူ့ရဲ့ဒဏ်ရာက ဂါနာနဲ့ရင်ဆိုင်ရတဲ့ အာဖရိကနိုင်ငံများဖလား အုပ်စုအဆင့်ပွဲစဉ်ရဲ့ ပွဲချိန်ပထမပိုင်း အတွင်းမှာ ရရှိခဲ့တာဖြစ်ပြီး လီဗာပူးမှာ မိုဆာလက်ကို ကုသပေးဖို့ အီဂျစ်ဘောလုံးအဖွဲ့ချုပ်နဲ့ သဘောတူညီမှုတစ်ခုလည်း ရရှိခဲ့ပါတယ်။ မိုဆာလက်က မာဆေးဆိုဒ်ဆီ ပြန်ရောက်လာချိန်မှာပဲ ကလပ်အသင်းဆေးအဖွဲ့နဲ့အတူ ချက်ချင်းဆိုသလို အလုပ်တွေ လုပ်ဆောင်သွားပါလိမ့်မယ်။ တက်နိုင်သမျှ အမြန်ဆုံး ကလပ်နဲ့ နိုင်ငံ့လက်ရွေးစင်အသင်းမှာ ပြန်လည်ပါဝင်ကစားပေးဖို့ ဖြစ်ပါတယ်။ အုပ်စုအဆင့်မှ လွတ်မြောက်လာပြီဖြစ်တဲ့ အီဂျစ်အသင်းအနေဖြင့် ပြိုင်ပွဲမှာ ရှေ့ဆက်ရှိနေပြီဆိုရင် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ ပြန်လည်ယှဉ်ပြိုင်နိုင်မယ့် အခွင့်အရေးတစ်ခု မိုဆာလက်ကို ပေးသွားရပါမယ်”လို့ ဖော်ပြခဲ့ပါတယ်။

ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူတွေက လာမယ့်ဗုဒ္ဓဟူးနေ့မှာ ဖူလ်ဟမ်ကို ရင်ဆိုင်ကစားရင်း ကာရာဘောင်ဖလား ဗိုလ်လုပွဲ တက်ရောက်နိုင်ရေးမျှော်လင့်ချက်ကို အသက်သွင်းနိုင်ဖို့ ကြိုးစားပြင်ဆင်နေပါတယ်။

#လီဗာပူး #ဂါနာ #အာဖရိကဖလား #ဆာလက်